ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့က စစ်အသုံးစရိတ်ဟုဆိုကာ တစ်အိမ်လျှင် ၅ သိန်းကျပ်မှ ၈ သိန်းကျပ် အထိ လိုက်လံကောက်ခံနေကြောင်း PNLA က ပြောဆိုသည်။
ဇွန်လ ၁၇ ရက်နေ့တွင် အကကြမ်းဖက် စစ်တပ် နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့က ဒေသ ပြည်သူများကို အစည်းအဝေးခေါ်ယူ၍ စစ်စရိတ်အဖြစ် ဆက်ကြေး ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ကောက်ခံရာတွင် အကြမ်းဖက် စစ်တပ်က နိုင်ငံခြားတွင် အလုပ်သွားရောက် လုပ်ကိုင်နေသော ပြည်သူများ ရှိသည့် နေအိမ်ကို တစ်အိမ်လျှင် ၈ သိန်းကျပ်၊ နိုင်ငံခြားတွင် အလုပ်သွားရောက် လုပ်ကိုင်ခြင်း မရှိသော နေအိမ်များကို ၅ သိန်းကျပ် ကောက်ခံနေခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ၁ လလျှင် တပ်သားသစ် ၆ ဦး ပို့ဆောင်ရမည်ဟု စစ်တပ်နှင့် PNO အဖွဲ့က ကောက်ခံခဲ့ပြီး ယင်းလူသစ်များကို ဆီဆိုင်မြို့နယ် ဘုရားဖြူဘောလုံးကွင်းတွင် သင်တန်းပေးနေကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့က ကောက်ခံသည့် စစ်အသုံးစရိတ် တစ်အိမ် ၅ သိန်းကျပ်ကို တခါတည်း မထည့်နိုင်သဖြင့် ၂ ကြိမ်ခွဲထည့်ခိုင်းရာ ဇွန်လ ၁၉ ရက်နေ့တွင် ၁ ကြိမ်ထည့်ခဲ့ရပြီး ကျန်ရှိနေသည့် ၂ သိန်း ၅ သောင်းကျပ်ကို လကုန်ရက် အပြီးထည့်ရမည်ဟု ပြည်သူ့စစ်များက ဒေသခံများကို ပြောဆိုထားသည်။
အကြမ်းဖက် စစ်ကောင်စီသည် ပအိုဝ်းဒေသ ပင်လောင်းမြို့နယ် တောင်ပိုင်းတွင်လည်း လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းကို ပစ်ခတ်ခြင်းကြောင်း နောင်ဝိုး ၊ ချောင်းချား ၊ တမထ ၊ လိန်ခမ် ၊ ကုန်းပေါစသည့် ကျေးရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း PNLA ထံမှ သိရသည်။