ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ထဲက တပ်သိမ်းနယ်မြေတွေမှာ ပြောင်းမျိုးတစ်အိတ် စိုက်ပျိုးပါက စစ်တပ်က ကျပ်တစ်သိန်း တောင်းပြီး ဇူလိုင်လ ပထမ အပတ်မှာ စိုက်ပျိုးခွင့် ပြုခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ်။
တပ်သိမ်းမြေ ဧကပေါင်း ၂,၀၀၀ ကျော်ထဲ လက်ရှိ စိုက်ပျိုးနေသူတွေဟာ ခြံပိုင်ရှင်တွေ မပါဝင်ဘဲ တစ်ခြားနယ်က ရောက်လာတဲ့ စစ်ဘေးရှောင်တွေ ဖြစ်ပြီး စားဝတ်နေရေး အတွက် အခုလို ဖြေရှင်းကြတာလို့ ဆိုပါတယ်။
“ကျနော်တို့ မစိုက်ပါဘူး။ ဒီနှစ် မကိုက်လို့။ အခု စိုက်နေကြတဲ့ သူတွေက တခြားရွာကဟာတွေ၊ နောက်ပြီး ဗမာပြည်ဘက်က လာကြတဲ့ လက်လုပ် လက်စားတွေပေါ့။ တစ်ဝမ်းတစ်ခါးစာ ဖြေရှင်းရတာပေါ့။ ခြံပိုင်ရှင် တွေတော့ သိတဲ့အတိုင်း မြေဩစာဖိုးနဲ့ တွက်ခြေ မကိုက်တော့ မစိုက်ကြဘူးလေ” လို့ ဒေသခံ တောင်သူ တစ်ဦးက ပြောပါတယ်။
လတ်တလော အခွန်ကောက်ခံ စိုက်ပျိုးခွင့် ပေးထားတဲ့ ယာမြေတွေဟာ ခြေမြန်တပ်ရင်း ခမရ (၄၂၃) နဲ့ (၄၂၄) အနောက်တည့်တည့်မှာ ရှိပြီး ၁၉၉၂ ခုနှစ်ကတည်းက စစ်တပ်က သိမ်းထားခဲ့တာလို့ သိရပါတယ်။
“ဒီကာလကြီး မျိုးတစ်အိတ်ကို တစ်သိန်းပေးပြီး စိုက်တာ ဘယ်လို ကိုက်မှာလဲ။ ခြံပိုင်ရှင်တောင်မှ မကိုက်လို့ မစိုက်ပါဘူးဆို။ မြေဩဇာကလည်း ဒီလောက်တက်နေတာ” လို့ နောက်ထပ် တောင်သူ တစ်ဦးက ပြောပါတယ်။
အဲဒီ ယာမြေတွေ သိမ်းဆည်း ခံရကြောင်း ၂၀၁၉ ခုနှစ်ရောက်မှ တောင်သူတွေ သိရှိခဲ့ပြီး အငြင်းပွားမှုတွေ ဖြစ်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ စစ်တပ်က တောင်သူ တစ်ဦးကို ငွေကျပ် ၁၀,၀၀၀ စီပေးပြီး အဓမ္မ အမှုပိတ်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နဲ့ ၄ ရက်နေ့ကလည်း ခမရ (၄၂၃) နဲ့ (၄၂၄) ကြားက စိုက်ပျိုးမြေ ၃၄ ဒသမ ၈ ဧကကို စစ်တပ်က ဖျက်ဆီးခဲ့သေးတယ်လို့ တောင်သူတွေက ပြောပါတယ်။