ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ပြည်သူတွေနဲ့ ရွာသူကြီးတွေကို အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ PNOပြည်သူ့စစ်အဖွဲ့မှ ဖမ်းဆီးပြန်ပေးဆွဲပြီး ငွေကြေးနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)မှ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ PNOပြည်သူ့စစ်အဖွဲ့က မေလ ၂၂ရက်မှာ ဆီဆိုင်မြို့နယ် နမ့်စေမဲးကျေးရွာမှ ဒေသခံပြည်သူခွန်ဝင်းနိုင်ကို ဝက်ခြံမှာ ဝက်စာကျွေးနေစဉ် ပြန်ပေးဆွဲဖမ်းဆီးသွားခဲ့ပြီး ငွေ သိန်း၁၀၀နဲ့ ကားတစ်စီး ပေးကာ ခွန်ဝင်းနိုင်ကို မိသားစုဝင်တွေက ပြန်လည်ရွေးခဲ့ရတယ်လို့ ဆိုပါတယ်။
ပြန်ပေးဆွဲ ဖမ်းဆီးခံရတဲ့ ခွန်ဝင်းနိုင်ကို သွားရောက်ရွေးယူချိန်မှာလည်း PNO ပြည်သူ့စစ်အဖွဲ့နဲ့ ညှိနှိုင်းမှုပြုလုပ်ရာ PNO ပြည်သူ့စစ်မှ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ခွန်ဝင်းနိုင်ရဲ့ ဇနီးဖြစ်သူမှာ ပေါင်တွင် သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မေလ ၂၂ရက်မှာပင် ဆီဆိုင်မြို့နယ်၊ နောင်သိမ်ကျေးရွာမှ ရပ်မိရပ်ဖ ရွာလူကြီး ဦးထက်နိုင်ကို အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်ဗိုလ်ကြီးလယ်အဖွဲ့က ပြန်ပေးဆွဲသွားခဲ့သေးတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဦးထက်နိုင်မိသားစုပိုင်ဆိုင်တဲ့ ရွှေငွေတွေ၊ ဒင်္ဂါးပြားတွေ၊ ကား၊ ဆိုင်ကယ်တွေကိုလည်း အကုန်ယူဆောင်သွားပြီး ကျေးရွာရဲ့ သင်္ချိုင်းကုန်းထဲကို ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် ရွာသူ ရွာသားတွေက လိုက်သွားချိန်မှာ PNO ပြည်သူ့စစ်အဖွဲ့က ရွာသူ ရွာသားတွေကို သေနတ်နဲ့ ပစ်ခတ်တာကြောင့် သင်္ချိုင်းကုန်းထဲထိ မလိုက်သွားနိုင်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
ဦးထက်နိုင်မှာ ရပ်မိရပ်ဖ တစ်ဦးဖြစ်ပြီး သင်္ချိုင်းကုန်းထဲ ဖမ်းသွားချိန်မှာ ရွာသူရွာသားတွေ လိုက်သွားတာကို PNO ပြည်သူ့စစ်တွေက သေနတ်နဲ့ ရွာသားတွေကို ပစ်လို့ ဆက်လိုက်လို့ မရတော့ပဲ ခုချိန်ထိ ဦးထက်နိုင် ရှင်လား၊ သေလားလည်း မသိရသေးကြောင်း ဒေသခံတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသွားတဲ့ နောင်သိမ်ရွာလူကြီး ဦးထက်နိုင်မှာ လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသလို မိသားစုတွေနဲ့လည်း အဆက်အသွယ် မရရှိသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။