ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ အောင်ကလပ် အပေါ်ရွာက စစ်ဘေးရှောင် စခန်းတွေမှာ တုတ်ကွေး ဖြစ်ပွားမှု များပြားနေပြီး ဆေးနဲ့ ဆက်စပ် ပစ္စည်း အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီ ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
အဲဒီဒေသက စစ်ဘေးရှောင် စခန်းတွေမှာ လူဦးရေ ၅၀၀ ကျော် နေထိုင်ပြီး လက်ရှိ လူ ၆၀ ကျော် တုပ်ကွေးရောဂါ ဖြစ်ပွားနေရာ အများစုက ကလေးနဲ့ သက်ကြီးရွယ်အိုတွေလို့ ဆိုပါတယ်။
“ဆေးမရှိတော့ မြို့ပေါ် တက်ကုနေရတယ်။ အယောက်တိုင်းတော့ မသွားနိုင်ဘူး။ ပိုက်ဆံ လိုတယ်လေ။ ပါရာစီတမောလေး၊ နှာစေး ချောင်းဆိုး ပျောက်ဆေးလေး ရှိရင်တော့ ကိုယ့်ကိုယ် ဆေးသောက်လို့ ရတာပေါ့။ ဒီမှာ ဆေးရောင်းတဲ့သူလည်း မရှိဘူး၊ ဆေးသောက်ဖို့လည်း မရှိဘူး” လို့ စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဖျားနာလို့ ဆီဆိုင်မြို့ပေါ် ဆေးခန်းသွားပြတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်က မကြာခဏ စစ်ဆေး ငွေညှစ်နေတာကြောင့် မြို့ပေါ်သွားဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။
အောင်ကလပ် အပေါ်ရွာက စစ်ဘေးရှောင် စခန်းတွေကို ပြီးခဲ့တဲ့ မတ်လက ဆေးအလှူရှင်တွေ လာရောက်ခဲ့ ပေမယ့် လက်ရှိ ဆေးတွေ လုံးဝ ကုန်သွားတာကြောင့် အလှူရှင်တွေ လာရောက်ဖို့ စစ်ဘေးရှောင်တွေက မျှော်လင့်နေပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကလည်း အောင်ကလပ် အပေါ်ရွာက စစ်ဘေးရှောင် စခန်းတစ်ခုမှာ ၂ နှစ်အရွယ် ကလေးငယ် တစ်ဦး ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွားရာ ဆေး၀ါး မလုံလောက်ဘဲ အချိန်မီ ဆေးကုသခွင့် မရရှိတာကြောင့် အသက်ဆုံးရှုံး ခဲ့ရပါတယ်။
ဆီဆိုင်မြို့နယ်မှာ စုစုပေါင်း စစ်ဘေးရှောင် ၁,၀၀၀ ကျော် ရှိနေပြီး အများစုက ကရင်နီပြည်နယ် လွိုင်ကော်၊ ဖရူဆို၊ ဒီးမော့ဆို၊ ဖားဆောင်း စတဲ့ မြို့နယ်တွေက ဖြစ်တယ်လို့ စုံစမ်း သိရပါတယ်။