ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ တစ်နေရာမှာ ဖောက်ထွင်းခိုးယူနေတဲ့ သူခိုး ၈ ဦးကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က လက်ပူးလက်ကြပ် ဖမ်းမိထားတယ်လို့ တပ်ရင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မြို့ခံ ပြည်သူတွေရဲ့ တိုင်ကြားချက်အရ ဧပြီလ ၃ ရက်နေ့က ဖမ်းမိခဲ့တာ ဖြစ်ပြီး ပအိုဝ်း ပြည်သူ့စစ် (PNA)က ဗိုလ်လေးခွန်သုံလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “တိုက်ပွဲဖြစ်တော့ လူထုက အဝေးကြီး စစ်ရှောင်ရတာပေါ့နော်။ အဲဒီထဲမှာ နဂိုကတည်းက အကျင့်စာရိတ္တပျက်စီးနေတဲ့ မူးယစ်ဆေးစွဲသမားတွေက ဝင်ခိုးကြတာပေါ့နော်။ ဘယ်သူ၊ ဘယ်ဝါ ခိုးတယ်ဆိုတာ ပြည်သူက သိတယ်လေ။ သိတော့ ကျနော်တို့ကို တိုင်တာပေါ့။ အဲတော့ ကျနော်တို့ဘက်ကလည်း ပြန်ပြီးတော့ အရေးယူရတာပေါ့” လို့ ပြောပါတယ်။
လတ်တလောမှာ ဖမ်းမိထားတဲ့ သူခိုးတွေကိုအမှုဖွင့် စစ်ဆေးနေပြီး ပြစ်မှု ကျူးလွန်တဲ့ အတိုင်းအတာအလျောက် PNLA ရဲ့ အကျဉ်းဦးစီးဌာနမှာ အမှုဖွင့် အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
“ပြစ်ဒဏ်ကတော့ အမျိုးမျိုး ရှိတာပေါ့။ ကြက်ခိုးမှုဆိုရင် ကြိမ်ဒဏ်။ ဒါပေမယ့် အခုလို ဖြစ်ရပ်လို ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဖောက်ထွင်းခိုးယူတာကျတော့ ကြိမ်ဒဏ်နဲ့ မရဘူးပေါ့။ သူတို့ကတော့ ထောင်ဒဏ် ပေးရတာပေါ့” လို့ PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆက်ပြောပါတယ်။
ဆီဆိုင်မြို့ တိုက်ပွဲစင်တဲ့ ဇန်နဝါရီလ နောက်ဆုံးအပတ်ကနေ ဒီနေ့အထိ ဖမ်းမိထားတဲ့ သူခိုးပေါင်း အယောက် ၂၀ ကျော်ရှိပြီး PNLA ရဲ့ အကျဉ်းဦးစီးဌာနမှာ လူ့အခွင့်အရေးနဲ့အညီ ထိန်းသိမ်းထားတယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဟိုပုံးမြို့နယ်၊ မဲနယ်တောင်တစ်ကြောက ကျေးရွာဘက်တွေမှာလည်း လူမရှိတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က ဖောက်ထွင်း ခိုးယူနေပြီး အဖိုးတန်ပစ္စည်းတွေကို သူတို့ အမျိုးသမီးတွေရဲ့ အမည်ရေးထိုးကာ နောက်တန်းကို ပြန်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။