ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ အကြမ်းဖက်စစ်တပ်ဖြန့်တဲ့ သတင်းအမှားတွေနဲ့ လူသားဒိုင်းအန္တရာယ်ကို သတိထားကြဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ ဒီနေ့ နေ့လည်မှာ ထုတ်ပြန်လိုက်ပါတယ်။
မတ်လ ၂၉ရက်နေ့က အကြမ်းဖက်စစ်ကောင်စီက လူထုတစ်ချို့ကို ပအိုဝ်း၀တ်စုံ ၀တ်ဆင်စေပြီး လူသားဒိုင်းလုပ်ကာ ဆီဆိုင်မြို့တွင်းနေရာအချို့မှာ ဓာတ်ပုံ၀င်ရိုက်နေတာကြောင့် လူသားဒိုင်းအန္တရာယ်ကို သတိထားကြဖို့ အသိပေးဖော်ပြထားတာပါ။
လက်ရှိအခြေအနေမှာ ဆီဆိုင်မြို့တွင်းက တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေရှိနေတယ်ဆိုတာနဲ့ အကြမ်းဖက်စစ်ကောင်စီက မြို့တွင်းကို စစ်ကြောင်းထိုးလာတာကြောင့် မြို့မှာ စစ်ဇုန်ဖြစ်နေကြောင်းနဲ့ အကြမ်းဖက်စစ်ကောင်စီက လူထုကို လူသားဒိုင်းလုပ်ထားတာကြောင့် တော်လှန်ရေးအင်အားစုက တိုက်ခိုက်မှုမပြုလုပ်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီက စစ်အင်အားဖြည့်တင်းကာ ဆီဆိုင်မြို့ကို ပစ်ခတ်ဖျက်ဆီးနေတာကြောင့် တိုက်ပွဲလည်း ဖြစ်ပွားနေတဲ့အပြင် အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုဖို့ ရည်ရွယ်ချက်နဲ့ မြို့တွင်းပြန်ဝင်နိုင်ပြီဖြစ်ကြောင်း သတင်းအမှားတွေ ဖြန့်နေတယ်လို့ ဖော်ပြထားပါတယ်။
သတင်းအမှားတွေကို ယုံကြည်ပြီး စစ်မက်ဖြစ်ပွားနေတဲ့ စစ်ဇုန်အတွင်းကို ဝင်ရောက်မိပါက အကြမ်းဖက်စစ်ကောင်စီရဲ့ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းကို ခံရနိုင်ပြီး မလိုလားအပ်တဲ့ ထိခိုက်မှုတွေလည်း ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီက လူသားဒိုင်းအဖြစ် အသုံးပြုခြင်းမခံရစေဖို့နဲ့ တိုက်ပွဲအကြား မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မဖြစ်စေဖို့အတွက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ရဲ့ တရားဝင် ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။