ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နေလူထုကို လာမယ့် ဖေဖော်ဝါရီ ၂၀ ရက်တစ်ရက်ကို မြို့တွင်း ၀င်ခွင့်ပြုမယ့် လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့နေတဲ့ သတင်းစကားဟာ ပဲခူးတိုင်း ဇရပ်ကြီးလို ပြန်လာလို့ရပြီဆိုပြီး လူသားတံတိုင်း ပြုလုပ်ဖို့ ကြံစည်တဲ့ စစ်ကောင်စီနဲ့အပေါင်းပါတွေရဲ့ ထောင်ချောက်အကြံအစည်သာ ဖြစ်တယ်လို့ပအို၀်းအမျိူးသားဖက်ဒရယ်ကောင်စီရဲ့ အတွင်းရေးမှူး ခွန်ဝေထူးကပြောပါတယ်။
`ဆီဆိုင်ဒေသမှာ PNO ကလည်း အုပ်ချုပ်မှုပိုင်း ရှိနေတာဖြစ်တော့ PNLO က တရား၀င်ထုတ်ပြန်ချက် မရှိဘူးဆိုရင် စစ်ကောင်စီနဲ့အပေါင်းပါတွေက လူထုကိုထောင်ချောက်ဆင်တာပဲ ဖြစ်မယ်၊ သူတို့က ပြန်လာတဲ့လူထုနဲ့ရောပြီး စစ်ကြောင်းထိုးလာရင် တော်လှန်ရေးတပ်တွေက တိုက်ဖို့ခက်သွားပြီလေ၊ ဇရပ်ကြီးမှာ အဲလို ပြန်လာလို့ရပြီဆိုပြီး ပြန်လာတဲ့ ပြည်သူတွေကို လူသားတံတိုင်းလုပ်ပြီး တိုက်လို့ ပြည်သူအများအပြားသေဆုံးရတာဟာ မကြာသေးခင်က ဖြစ်ရပ်ပါပဲ`လို့ ခွန်ဝေထူးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ပြည်သူလူထုအနေနဲ့ အိမ်ယာတွေ ပျက်စီးဆုံးရှုံးနေတာတွေ ၊ လိုအပ်တာတွေ ပြန်ယူကြလို့ ပြန်ကြည့်ကြဖို့ဆိုရင် PNLO နဲ့တော်လှန်ရေးဘက်က ထုတ်ပြန်ချက်ရှိမရှိ လေ့လာဖို့လိုကြောင်းနဲ့ ယခုကာလမှာ လုံခြုံရေးအခြေအနေ မကောင်းသေးတာဖြစ်လို့ ပြည်သူတွေ ဆီဆိုင်မြို့ထဲ အိမ်ပြန်ကြည့်တာ၊ ပစ္စည်းပြန်သယ်တာတွေမလုပ်ကြဖို့ PNLO က မေတ္တာရပ်ခံသတိပေးချက်တွေကို သတိပြုဖို့ အကြံပြုလိုတယ်လို့ သူကပြောပါတယ်။