ဖေဖော်ဝါရီ ၂၄ ရက်က ၁ လပြည့်ခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တိုက်ပွဲကာလအတွင်း အရပ်သား သေဆုံးမှု ၄၀ ဦးရှိနေပြီး ဒဏ်ရာရသူ ၅၁ ဦးရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး(Pa-o Youth Organization) က ဒီနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းက စတင်ဖြစ်ခဲ့တဲ့ စစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူ့စစ်တွေနဲ့ PNLA ပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ၁ လပြည့်ခဲ့တာ ဖြစ်ပေမယ့် ဟိုပုံး၊ ဆီဆိုင်၊ လွယ်လင်ဒေသ တိုက်ပွဲဖြစ်စဉ်ဟာ ဟိုပုံးမြို့နယ် စံဖူးမှာ စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကနေ ဇန်နဝါရီ ၂၁ ရက် ကနေ စတင်ခဲ့တာဖြစ်ပါတယ်။
ယင်း ကာလအတွင်းမှာ အရပ်သား သေဆုံး၊ ဒဏ်ရာရတာတွေအပြင် အရပ်သား ဖမ်းဆီးခံရသူ ၁၃ ဦး၊ အရပ်ဖက်အဆောက်အဦပျက်စီးမှု ၉၇ လုံး၊ ဘာသာရေးအဆောက်အဦပျက်စီးမှု ၁၂ လုံးတို့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၂၉၃ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၈၀၈ ကြိမ်ရှိခဲ့ပြီး စစ်ရှောင်ဦးရေဟာလည်း ၉၄၃၀၀ ဦးအထိရှိနေတယ်လို့ ဖော်ပြထားပေမယ့် မြေပြင်မှာ ကျန်နေခဲ့တာတွေ ရှိနေနိုင်တာဖြစ်လို့ ဒိထက် ပိုမိုနိုင်တယ်လို့ဆိုပါတယ်။
စစ်ဘေးရှောင်ရတဲ့ ကျေးရွာပေါင်းဟာ ဟိုပုံး၊ ဆီဆိုင်နဲ့လွိုင်လင်မြို့နယ် စုစုပေါင်းမှာ ကျေးရွာပေါင်း ၁၂၀ နဲ့ ရပ်ကွက် ၆ ရပ်ကွက်ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိအခြေအနေမှာတော့ စစ်ကောင်စီနဲ့အပေါင်းပါတပ်တွေဟာ ဟိုပုံးမြို့နယ် ထမ်စမ်းရွှေတိဂုံးစေတီတော်ပုံတူ ကုန်းတော်သာသာနာ့မြေမှာ လက်နက်ကြီးတွေ အထိုင်ချပြီး မဲနယ်တောင်၊ လွယ်မောတောင်၊ စငေါတောင်တွေဘက်ကို ပစ်ခတ်တိုက်ခိုက်နေသလို ဆိုက်ခေါင် ဘောလုံးကွင်းအထိုင်ချ အမြောက်တပ်ကလေည်း လွယ်ပွတ်ကလိုး၊ ကျောက္ကခြား ၊ တွေဘက်နဲ့ ကျူမုံ အခြေစိုက် ဒုံးတပ်ကလည်း လက်လှမ်းမီတဲ့ကျေးရွာတွေကို မြေပြင်တိုက်ပွဲမရှိလည်း ပစ်ခတ်နေတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်တွေလည်း စစ်ဘေးရှောင်ကာလ ၁ လကျော်လွန်လာခဲ့တာမှာ စပြေးစကတဲက အဝတ် ၁ ထည် ကိုယ် ၁ ခု ပြေးလာကြရတာဖြစ်တဲ့အပြင် ဝင်ငွေမရှိ နောက်မှာကျန်ခဲ့တဲ့ အိမ်တွေပျက်စီး၊ ဖောက်ထွက်ခိုးယူခံရ၊ အိမ်ပြန်ယူလို့မရ၊ ပြန်တော့လဲ လက်နက်ကြီးနဲ့ပစ်ခံရလို့ သေကြေ
ဒဏ်ရာရ ဖြစ်နေရပြီး ကာလရှည်လာတဲ့နဲ့အမျှ နေစရာ၊ စားစရာ၊ ကျန်းမာရေးကအစ လိုအပ်ချက်တွေ များပြားလာနေတာဖြစ်လို့ အကူအညီတွေ အများအပြားလိုအပ်နေတယ်လို့သိရပါတယ်။