ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဆီးဘူးလယ် စစ်ရှောင်စခန်းမှာ အာဟာရနဲ့ စိတ်ဓာတ်မြှင့်တင်ရေးတွေ သြဂုတ်လ ၂၆ ရက်နေ့က သွားရောက် ကူညီပေးခဲ့တယ်လို့ DMO Local PDF တပ်ရင်း (၃) တာ၀န်ရှိသူက ပြောပါတယ်။
ဆီးဘူးလယ် စစ်ရှောင်စခန်းက ပြည်သူ ၂၈၀ ကျော်အတွက် ကြာဇံဟင်းခါးနဲ့ မုန့်တွေ၊ သီချင်းသီဆို ကခုန်တာတွေကို DMO Local PDF တပ်ရင်း (၃) နဲ့ ၂/ဒမဆ(နိုင်) အဖွဲ့တို့ ပူးပေါင်း ကူညီခဲ့တယ်လို့ ဆိုပါတယ်။
“သွားကျွေးဖြစ်တာကတော့ ၂/ဒမဆ(နိုင်) အဖွဲ့ကနေ ဦးဆောင်ပြီး စစ်ပွဲကြားက၊ တိုက်ပွဲကြားက ပြန်လာတဲ့ ရဲဘော်တွေနဲ့ စစ်ရှောင်နေရတဲ့ ကလေးတွေရဲ့ စိတ်ဒဏ်ရာ ကုစားနိုင်ဖို့ ရည်ရွယ်လို့ အာဟာရ (ကြာဆံဟင်းခါး) နဲ့ သရေစာမုန့်တွေ ကျွေးဖြစ်ပြီး ရဲဘော်တွေနဲ့ ကလေးတွေ အတူတူကကြ ဆိုကြနဲ့ ပျော်ခဲ့ကြပါတယ်” လို့ သူက ဆက်ပြောပါတယ်။
စစ်ဘေးရှောင်ရတဲ့ကာလက ၂ နှစ်ကျော်ရှိနေပြီ ဖြစ်တဲ့အတွက် လက်ရှိ ဆန်နဲ့ ရိက္ခာခြောက်တွေ ပြတ်လပ်တော့မယ်လို့ စစ်ရှောင်စခန်း တာ၀န်ခံထံက သိရပါတယ်။
ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၂ သိန်းခွဲကျော်ရှိနေပြီး စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ စစ်ဘေးရှောင် ပြည်သူတွေ အတွက် ရိက္ခာနဲ့ မိုးကာလိုအပ်နေပြီး စိတ်ဓာတ်မြှင့်တင်ဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။