ဆောမြို့နယ် အတွင်း ခေတ်အဆက်ဆက် စစ်ကောင်စီသိမ်းယူထားသည့်မြေယာများ နှင့် စစ်ကောင်စီ၏ပင်မအမာခံထောက်တိုင်များပိုင်ဆိုင်မှုများကို ဆောမြို့နယ်၏ ဒေသခံတပ်ရင်းများဖြစ်သည့် ဂန့်ဂေါခရိုင်၊အမှတ် (၃) နှင့် အမှတ်(၅)တပ်ရင်းတို့က ဖေဖော်ဝါရီ ၂၃ ရက်ကစတင်ပြီးသိမ်းဆည်းမည်ဖြစ်ကြောင်း တာဝန်ရှိသူကပြောသည်။
သိမ်းဆည်းသည့်မြေများထဲတွင် ခေတ်အဆက်ဆက် စစ်တပ်ပိုင်မြေနှင့် စစ်ကောင်စီထောက်တိုင်များပိုင်ဆိုင်သည့်နေရာများဖြစ်ပြီး ထိုမြေများနှင့်ပိုင်ဆိုင်မှုများကို တော်လှန်ရေးအတွက် အသုံးပြုသွားမည်ဟု ဂန့်ဂေါခရိုင်၊အမှတ်(၃) တပ်ရင်း တာဝန်ရှိသူကပြောသည်။
“စစ်ကောင်စီနဲ့ပတ်သတ်တဲ့သူတွေက အခုတော့ ဆောမြို့နယ်ထဲမှမရှိတော့ဘူး။ ဒါပေမယ့် သူတို့က အခြားတစ်ယောက်ကို ရောင်းချတာ၊ တဆင့်အသုံးပြုနေတာရှိတယ်”ဟု ဂန့်ဂေါခရိုင်၊အမှတ်(၃) တပ်ရင်း တာဝန်ရှိသူကPeople’s Spring သို့ပြောသည်။
ဆောမြို့နယ်တွင် နယ်မြေ ၈၀ ရာခိုင်နှုန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည် ၎င်းကဆက်ပြောသည်။
လက်ရှိတွင် ဆောမြို့ပေါ်တွင် စစ်တပ်သိမ်းယူထားသည့် မြေ ၂ ဧကကျော်ရှိသည်ဟုလည်းသိရသည်။
ဂန့်ဂေါခရိုင်၊အမှတ် (၃) တပ်ရင်းနှင့် အမှတ် (၅) တပ်ရင်းတို့သည့် ယခင်က ဆောPDFတပ်ရင်း ၁ နှင့် ၂ တို့ဖြစ်ပြီး NUG၏ ကာကွယ်ရေးဝန်ကြီးဌာနကလက်အောက်ခံ ခရိုင်တပ်ရင်းများအဖြစ် စနစ်တကျပြောင်းလဲခဲ့ခြင်းဖြစ်သည်ဟုအသိပေးထားသည်။
“ဆောမြို့နယ်၏နယ်မြေခံတပ်ရင်းများဖြစ်သော အမှတ်(၃)နှင့်အမှတ်(၅)တပ်ရင်းတို့၏ စီမံပိုင် ခွင့်ရှိသော နယ်မြေများအတွင်းရှိ ခေတ်အဆက်ဆက် စစ်ကောင်စီနှင့်လက်ဝါးခြင်းရိုက် မတရားသိမ်း ယူထားသော မြေယာများနှင့်စစ်ကောင်စီပင်မအမာခံတောက်တိုင်များ၏ ပိုင်ဆိုင်မှုများအား ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၃)ရက် နေ့မှစ၍ အမှတ်(၃)နှင့်အမှတ်(၅)တပ်ရင်းတို့မှ တာဝန်ယူ၍ ပြန်လည် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း အများပြည်သူများ သိရှိစေရန် အသိပေး ကြေငြာအပ်ပါသည်”ဟု ဂန့်ဂေါခရိုင်၊ အမှတ်(၃)တပ်ရင်းနှင့် အမှတ်(၅)တပ်ရင်းတို့ကယနေ့ (ဖေဖော်ဝါရီ ၂၃ )တွင်ထုတ်ပြန်ထားခြင်းဖြစ်သည်။