မကွေးတိုင်း၊ ဆောမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းကို လေကြောင်းဖြင့် ဗုံးကျဲ တိုက် ခိုက်ရာ ကျောင်းထိုင်ဘုန်းကြီး အပါအဝင် ပြည်သူ ၃၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ ပြည်သူများက ပြောကြားသည်။
ယနေ့ မေလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်ခွဲ၊ အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်း၌ ဒေသတွင်း သယ်ယူပို့ဆောင်ရေးအတွက် ယာဉ်ပိုင်ရှင်များ အစည်းအဝေး ပြုလုပ်နေစဉ် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲချ တိုက်ခိုက်ခဲ့သောကြောင့် ကျောင်းထိုင် ဘုန်းကြီး အပါ အဝင် ဒေသ ပြည်သူ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဘုန်းကြီးကျောင်းပေါ်တည့်တည့် ၃ ပတ်လောက် ဝဲပတ်ပြီး ဗုံးကျဲချတာဗျ။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး၊ အကြောင်းမဲ့ကို ဗုံးကျဲချတာ။ တော်တော်ပြင်း ထန်တယ်။ ဘုန်းကြီးကျောင်းပေါ်တည့်တည့်ကျပြီး ကျောင်းပြိုသွားတယ်၊ မီးလည်းလောင်သွားတယ်။ ထိတာအများကြီး၊ ဆရာဝန်အဖွဲ့တစ်ချို့လည်း သွားတယ်။ တချို့လည်း ကိုယ့်အစီအစဉ်နဲ့ကို နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့ဆေးခန်း တွေ ဆီသွား တဲ့သူလည်းရှိတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြော ကြားသည်။
ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိပြီး ဒဏ်ရာရလူနာများနှင့် ပြိုကျ သွားသော ဘုန်းကြီးကျောင်းကို ကယ်ဆယ်ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ သေ ဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ အရေ အတွက် အတိအကျ မသိရသေးကြောင်း ဒေသပြည်သူ တစ်ဦးက ဆက်လက်ပြောဆိုသည်။