ဆောမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို PDF ဆေးတပ်ရင်းက ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ဆောမြို့နယ်အတွင်း ရောက်ရှိနေသော နေရပ်စွန့်ခွာ စစ်ဘေးရှောင် ပြည်သူများနှင့် မြို့နယ်အတွင်းရှိ ကျေးရွာသူ/ ကျေးရွာသားများကို ဂန့်ဂေါခရိုင်အမှတ် ၁၃ တပ်ရင်းမှ ဆေးတပ်သားများနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ ဆောမြို့နယ် ကျန်းမာရေး တာဝန်ခံများ စုပေါင်းကာ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇူလိုင်လအတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် စစ်ကြောင်းထိုး စီးနင်းမှုကြောင့် စစ်ဘေးရှောင်ပြည်သူ အများအပြားရှိခဲ့ပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့ထိတိုင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းက ထုတ်ပြန်ထားသည်။