မကွေးတိုင်း၊ ဆောမြို့ပေါ်တွင် စစ်ကောင်စီတပ် စစ်ရေးပြန်လည်လှုပ်ရှားလာ၍ ဒေသခံကာကွယ်ရေးတပ်များနှင့် ယမန်နေ့ ည ၉နာရီခွဲက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ဆောမြို့မှာ PDFတွေက မြို့ပေါ်အထိ တပ်စွဲထားနိုင်ပြီ။ စစ်ကောင်စီတပ်က ကုန်းထိပ်က စခန်းမှာဘဲ အထိုင်ချနေတာ။ အခုက အသစ်ရောက်လာတဲ့ စစ်ဗိုလ်က စစ်ရေးပြန်လည်လှုပ်ရှားလာလို့ တိုက်ပွဲဖြစ်တာပါ”ဟု ဆောမြို့ခံတစ်ဦးက ပြောသည်။
ယမန့်နေ့ ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဂန့်ဂေါခရိုင် အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်သည်။
ဆောမြို့ပေါ်တွင် စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားသဖြင့်တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု ဂန့်ဂေါခရိုင် အမှတ်(၃)တပ်ရင်း တာဝန်ရှိသူကပြောသည်။
“ခုလက်ရှိတော့သူတို့ဘက်ကလဲငြိမ်နေပါတယ်ဗျ”ဟု ၎င်းက ပြောသည်။
ဆောမြို့ခံများ၏ ပြောကြားချက်အရ ဆောမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များကြား နားလည်မှုထားပြီး နှစ်ဖက်ညှိနှိုင်းမှုအရ မြို့ပေါ်တွင် အလှည့်ကျသွားလာလှုပ်ရှားနေကြခြင်းဖြစ်သည်။
ယခု ထိုနားလည်မှုကို စစ်ကောင်စီဘက်က ချိုးဖောက်ပြီး စစ်ရေးလှုပ်ရှားလာသည်ဟု မြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က ဆောမြို့အတွင်း လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီးနောက် မြို့အတွင်း၌ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များလည်း ပြန့်နှံ့နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များကို ပြည်သူများအနေဖြင့် ကိုင်ဆောင်ခြင်းမပြုရန်နှင့် တွေ့ရှိပါက ခရိုင်တပ်ရင်း(၃) အကြောင်းကြားရန်လည်း အထက်ပါတပ်ရင်းက တိုက်တွန်းထားသည်။
ထို့အပြင် ပြည်သူများအနေဖြင့် သေနတ်သံ၊ လက်နက်ကြီးသံများကြားရပါက ဆောမြို့တွင်း၌ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန်နှင့် ဗုံးခိုကျင်းများအတွင်း နေထိုင်ကြရန်လည်း ထပ်မံ သတိပေးထားသည်။
လက်ရှိတွင် ဆောမြို့နှင့် အနီးရှိကျေးရွာများတွင် ဖုန်းလိုင်းများပြတ်တောက်နေသည်ဟု ဒေသခံများက ပြောသည်။