မကွေးတိုင်းအတွင်းရှိ ဆော – ဆိပ်ဖြူလမ်းပိုင်းတွင် မြေပြိုကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ ယာယီဖြတ်သန်းနိုင်ရန် နာရီပိုင်းအတွင်း ပြုပြင်ပေးနိုင်ခဲ့ကြောင်း ဂန့်ဂေါခရိုင် အမှတ်(၆) တပ်ရင်း(LSRPDF)က ယနေ့ (အောက်တိုဘာ ၂၄)အသိပေး ထုတ်ပြန် သည်။
ယမန်နေ့(အောက်တိုဘာ ၂၃)နံနက် ၁၀နာရီခန့်တွင် ဆော-ဆိပ်ဖြူလမ်းပိုင်း၊ နဂါးပွက်တောင်နှင့် (၄၄)မိုင်ကြားတွင် မိုးရွာသွန်းပြီး တောင်ကမ်းပါးယံပြိုကျရာ လမ်းပိုင်းပျက်စီး၍ ယာဥ်အစီးရေ ၂၀ ကျော် ပိတ်မိခဲ့သည်။
ထို့ကြောင့် ဂန့်ဂေါခရိုင်တပ်ရင်း(၆)မှ ဦးဆောင်ပြီး ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် လမ်းပေါ်လဲကျနေသော သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ဘက်ဟိုးဖြင့် လမ်းမြေအားပြန်ညှိခြင်းအပါအဝင် အချိန် ၄ နာရီခန့် ပြုပြင်ခဲ့ပြီးနောက် လမ်းပိုင်းပြန်ပွင့်သွားပြီဖြစ်ကြောင်း ၎င်းတပ်ရင်းက အသိပေးသည်။
“ကျနော်တို့ ဘက်ဟိုးစောင့်ချိန်နဲ့ဘာနဲ့ဆို ၄ နာရီလောက်တော့ ကြာသွားတယ်။ သူက အဝေးကနေ လှမ်းခေါ်ရတာကိုး။ လမ်းပြင်နေချိန် ပိတ်မိတဲ့ကားတွေပေါ်မှာပါလာတဲ့ ပြည်သူတွေကိုလည်း ရေနဲ့ ရိက္ခာစီစဥ်ပေးလိုက်နိုင်တယ်။ လမ်းမှာပိတ်မိပြီး ဘာမှစားစရာပါမလာဘူးလေ”ဟု တပ်ရင်း(၆)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဆော-ဆိပ်ဖြူလမ်းပိုင်းသည် မြေပြိုကျမှုကြောင့် ပေ (၃၀) ခန့်ပြိုကျပျက်စီးသွားပြီး ယမန်နေ့(အောက်တိုဘာ ၂၃)ညပိုင်းတွင် ထပ်မံပြိုကျခဲ့ရာ ယနေ့ညနေပိုင်းတွင် နောက်ထပ်တစ်ကြိမ် လမ်းပြုပြင်မှုများ လုပ်ဆောင်ပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
လောင်းရှည်ဒေသရှိ ပြည်သူများအနေဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေးတွင် ဆော -ဆိပ်ဖြူလမ်းပိုင်းအား အဓိကမှီခိုအားထားနေရပြီး မြေပြိုကျမှုဖြစ်ပေါ်ခဲ့သော လမ်းပိုင်းအား ရေရှည်အသုံးပြုနိုင်စေရန် ကျွမ်းကျင်အင်ဂျင်နီယာများနှင့် ညှိနှိုင်းတိုင်ပင်ကာ ဆက်လက်ပြုပြင်ရန် လိုအပ်လျှက်ရှိကြောင်း ဂန့်ဂေါခရိုင် တပ်ရင်း(၆)က ဆိုသည်။
လက်ရှိအခြေအနေတွင် ရာသီဥတုအခြေအနေအရ ဆော-ဆိပ်ဖြူလမ်းပိုင်းတွင် ထပ်မံ၍ မြေပြိုကျမှုများ ဖြစ်ပေါ်နိုင်သဖြင့် ခရီးသွားပြည်သူများအနေနှင့် ဂန့်ဂေါခရိုင် အမှတ်(၆)တပ်ရင်းထံ ဆက်သွယ်စုံစမ်း၍ သွားလာကြရန် အသိပေးတိုက်တွန်းထားသည်။