ရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ကော်သူးလေအုပ်ချုပ်နယ်မြေမှာ ဇူလိုင်လအတွင်းက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပေါင်း အကြိမ် ၆၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၉၀ ကျော်သေဆုံးခဲ့တယ်လို့ ကေအန်ယူ ဗဟိုပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO)၊ KNLA နဲ့ KNDO တို့ရဲ့ စစ်ရေး ကွပ်ကဲမှုအောက်မှာရှိတဲ့ ပူးပေါင်းစစ်ကြောင်းတွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း ၆၆ ကြိမ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး ၁ ယောက်နဲ့ တပ်ခွဲမှူး ၂ ယောက်အပါအဝင် ၉၅ ယောက်သေဆုံးခဲ့ပြီး ဗိုလ်မှူး ၁ ယောက်၊ ဗိုလ်ကြီး ၅ ယောက်နဲ့ တပ်ခွဲမှူး ၁ ယောက်အပါအဝင် ၈၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကေအန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တော်လှန်ရေး ရဲဘော်တွေဘက်ကလည်း ၃ ယောက်ကျဆုံးပြီး ၂၆ ယောက်ဒဏ်ရာရသလို နှစ်ဖက် ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ဒေသခံ ၃ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဇူလိုင်လအတွင်းမှာ ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ ကို စစ်ကောင်စီရဲ့ လေတပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် မော်လမြိုင် (ရတခ) က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ၆ ကြိမ်လာရောက်ပစ်ခတ်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေရဲ့ နေအိမ် ၇ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးတော့ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ကျေးရွာတွေထဲကို အကြိမ် ၅၀ ကျော် ပစ်ခတ်ခဲ့ပြီး ကလေးငယ် ၂ ယောက်အပါအဝင် ဒေသခံ ၉ ယောက် ဒဏ်ရာရပြီး ဒီထဲက ၁ ယောက် သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဘုန်းကြီးကျောင်း ၁ ကျောင်း၊ နေအိမ် ၆ လုံး၊ ပြည်သူပိုင်တွေရဲ့ ကားနဲ့ ဆိုင်ကယ် ၃ စီးပျက်စီးခဲ့ရပြီး နွား ၁၇ ကောင်လည်း ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ လူထုအသုံးပြုတဲ့လမ်းတွေနဲ့ ကျေးရွာတွေနားမှာ မိုင်းတွေထောင်ခဲ့တာကြောင့် မိုင်းနင်းမိပြီး အမျိုးသမီးငယ် ၃ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။