စစ်ကောင်စီက လုံခြုံရေး တင်းကြပ်ပြီး ညမထွက်ရ အမိန့် ထုတ်ပြန်ထားတဲ့ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ပေါ်က ဆိုင်ခန်းတွေ ညနက်ချိန် ဖောက်ထွင်း ခိုးယူခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွိုင်ကော်မြို့ပေါ်က ကုန်စုံဆိုင်၊ စတိုးဆိုင်ကဲ့သို့ ဆိုင်တွေကို ညနက်ချိန် လာရောက် ဖောက်ထွင်း ခိုးယူနေလို့ ဆိုင်ရှင်တွေ ဆုံးရှုံးနစ်နာ နေတယ်လို့ မြို့ခံ တစ်ဦးက ဆိုပါတယ်။
“တောင်စျေး အရှေ့ဘက်က ဆိုင်တွေ အဖောက်ခံနေရတာ။ ကြားတာတော့ ဖောက်ပြီး ကားနဲ့ တင်သွားတာလို့ ကြားတယ်။ ညမထွက်ရ အမိန့်ရှိတော့ ညနည်းနည်းနက်ရင် လူမရှိတော့ဘူး” လို့ သူကရှင်းပြပါတယ်။
စစ်ကောင်စီက ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး လုံခြုံရေး တင်းကြပ်ထားတာကြောင့် ညအချိန် ကားနဲ့ ဖောက်ထွင်း ခိုးယူဖို့ စစ်သားတွေနဲ့ ကြိုညှိထားတာ ဖြစ်နိုင်တယ်လို့ လွိုင်ကော်မြို့မှာ ဆိုင်ဖွင့်လှစ်ထားသူ တစ်ဦးက သုံးသပ်ပါတယ်။
လက်ရှိ လွိုင်ကော်မြို့ပေါ်မှာ ညအချိန် ဆိုင်တွေ ဖောက်ထွင်းခိုးယူခံနေရတာ သာမက နေ့ဘက်တွေမှာ စျေးဆိုင်၊ စတိုးဆိုင်တွေမှာ အလစ်သုတ် ခိုးယူမှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။