ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ နယ်တွင် စစ်မှုထမ်းရန် စာရင်းကောက်ယူခဲ့သည့် အုပ်ချုပ်ရေးမှူးတစ်ဦး ခြိမ်းခြောက်စာပေးပို့ခံရ၍ နှုတ်ထွက်သွားကြောင်း သတင်းရရှိသည်။
ညောင်တုန်းမြို့ အမှတ်(၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ကိုဟိန်းဆိုသူမှာ ရပ်ကွက်အတွင်းရှိ လူငယ်အမျိုးသားများအား စစ်မှုထမ်းရန်အတွက် စာရင်းကောက်ယူနေမှုကြောင့် ပြီးခဲ့သည့်ဧပြီလ ၅ ရက်နေ့က အသက်အန္တရာယ် ခြိမ်းခြောက်စာပေးပို့ခံရ၍ နှုတ်ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေး အသိုင်းအဝန်းထံက သိရသည်။
“ အရင်၈ရပ်ကွက်အုပ်ကြီးက စစ်မှုထမ်းဖို့အတင်းစာရင်းကောက်လို့ ခြိမ်းခြောက်စာအပို့ခံရတယ်။ ဘယ်ကနေပို့လဲတော့မသိဘူး။ အဲ့ဒါနဲ့ကြောက်ပြီးတော့ နှုတ်ထွက်စာတင်လိုက်ရတယ်”ဟု အမှတ်(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းကဲ့သို့ နှုတ်ထွက်သွားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာတွင် မြို့နယ်စစ်ကောင်စီဥက္ကဌနှင့် စီးပွားဖက်ဖြစ်သူ ဦးမျိုးမင်းဆိုသူအား အုပ်ချုပ်ရေးမှူးအဖြစ် ခန့်ကာ ရပ်ကွက်ဒေသခံများအပေါ် စစ်မှုထမ်းရန် စာရင်းကောက်ယူမှုအား ယခင်ထက်ဖိအားပေး လုပ်ဆောင်နေကြောင်း ရပ်ကွက်ဒေသခံများထံကသိရသည်။
“ မြို့နယ်ထွေအုပ်ဥက္ကဌ နဲ့စီးပွားဖက်ကို အုပ်ချုပ်ရေးမှူးအမြန်ပြန်ခန့်လိုက်တယ်။အုပ်ချုပ်ရေးမှူးဖြစ်တာနဲ့ကို အရင်အုပ်ကြီးထက် စာရင်းကောက်တာ ပိုတင်းကျပ်သွားတယ် ။မဲပေါက်ပြီးမလိုက်တဲ့သူဆိုရင် ထောင်ပါအချခံရမယ်ဆိုပြီးတော့ ခြိမ်းခြောက်ခံရတယ်”ဟုအမှတ်(၈)ရပ်ကွက်ဒေသခံတစ်ဦးကဆိုသည်။
ညောင်တုန်းမြို့နယ်ရှိ မြို့တွင်းရပ်ကွက်များနှင့် ကျေးရွာများအလိုက် ပြီးခဲ့သည့် မတ်လမှ ယခုဧပြီလပထမအပတ်အထိ စစ်မှုထမ်းရန်အတွက် မဲပေါက်သူ ဒေသခံအမျိုးသား ၁၀၀ကျော်အထိရှိခဲ့ပြီး မဲပေါက်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့၍ မဲစာရင်းမပါရှိသူများကို အစားထိုးစေလွှတ်မှုများ ရှိခဲ့ကြောင်း သိရသည်။