ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် စစ်ကောင်စီထုတ်မြန်မာဘီယာ မရောင်းချသည့်ဆိုင်ခန်း၃၀ ကျော် ကို မြို့နယ်ထွေအုပ်နှင့် စည်ပင်မှငွေကျပ် (၁၀)သိန်းထက် မနည်းဒဏ်ကြေးပေးဆောင် ခိုင်းခဲ့ကြောင်း ဆိုင်ရှင် များထံကသိရသည်။
ညောင်တုန်းမြို့ အမှတ်၆ ရပ်ကွက်၊အမှတ် ၈ရပ်ကွက် ၊ ပန်းလှိုင်ဧရာရပ်ကွက်အပါအဝင် ဆားမလောက်နှင့် တာကွေ့ကျေးရွာတို့ရှိ အရက်ဘီယာဆိုင်များထံ ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်ထွေအုပ်ဦးဆောင်သည့်အဖွဲ့မှ စစ်ကောင်စီထုတ် မြန်မာဘီယာ ရောင်းချခြင်းရှိမရှိ စစ်ဆေးခဲ့ကြောင်း အရက်ဘီယာ လက်လီအရောင်းဆိုင်ရှင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
” ဆိုင်မှာမြန်မာဘီယာတွေ ရောင်းမရောင်းလိုက်စစ်သွားတယ်။ ရောင်းတာမတွေ့ရင် ယစ်မျိုးဥပဒေနဲ့ တရားစွဲမယ်ဆိုပြီးခြိမ်းခြောက်သွားတယ်။ ထွေအုပ်၊စည်ပင်နဲ့ရဲအဖွဲ့တွေမြို့ထဲရပ်ကွက်တွေနဲ့ ရွာဘက်တွေကို လိုက်စစ်သွားတယ်” ဟု၄င်းကပြောသည်။
ယင်းကဲ့သို့ စစ်ဆေးမှုအတွင်း မြန်မာဘီယာရောင်းချခြင်းမရှိသည့် အရက်ဘီယာ လက်လီအရောင်းဆိုင်နှင့် စားသောက်ဆိုင်ပေါင်း (၃၀) ဆိုင်ထက်မနည်းကို တစ်ဆိုင်လျှင်ငွေကျပ် (၁၀)သိန်း ဝန်းကျင် ဒဏ်ကြေးကောက်ခံ သွားခဲ့ကြောင်း ဒဏ်ကြေးပေးဆောင်ခဲ့ရကြောင်း သိရသည်။
“ဘီယာကုန်နေလို့ အခုမှအော်ဒါတင်နေတုန်းပါလို့ ရှင်းပြတာမရဘူး။ဆယ်သိန်း တောင်းခံရတယ်။ ယစ်မျိုးလိုင်စင်ကြေးနဲ့ ဒဏ်ကြေးဆိုပြီး ကောက်သွားတာ။ တချို့ဆိုင်တွေလည်းအတောင်းခံရတာပါပဲ” ဟု ငွေကြေးတောင်းခံခဲ့ရသည့် ဆားမလောက်ကျေးရွာရှိ စားသောက်ဆိုင်ရှင်တစ်ဦးကဆိုသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ညောင်တုန်းမြို့အတွင်းရှိ အရက်ဘီယာလက်လီရောင်းချဆိုင် များထံသို့ စစ်ကောင်စီထုတ်မြန်မာဘီယာရောင်းချခြင်းရှိမရှိ မြို့နယ်စည်ပင်နှင့် ထွေအုပ်အဖွဲ့မှ လိုက်လံစစ်ဆေးကာ ဒဏ်ကြေးငွေကျပ်ခြောက်သိန်းထက်မနည်း ကောက်ခံခဲ့ကြောင်းသိရသည်။