ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်တွင်အောက်တိုဘာလ ပထမအပတ်ကစ၍ ရပ်ကျေးအုပ်ချုပ်ရေး ထောက်ခံစာပါရှိမှသာ တစ်အိမ်လျှင် စားသုံးဆီ တစ်ပိဿာဝယ်ယူခွင့်ရှိနေကြောင်း သတင်းရရှိသည်။
ညောင်တုန်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအလိုက် ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့ကစ၍ အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာပါရှိမှသာ အိမ်ထောင်စုတစ်ခုလျှင် ဆီတစ်ပိဿာ ဝယ်ယူခွင့်ပြုထားကြောင်းဒေသခံများထံက သိရှိရသည်။
” ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာ မပါရင် ဆီဝယ်မရဘူး။ ထောက်ခံစာပါမှပဲ ဆီဝယ်လို့ရတယ် ။ ဝယ်ချင်ရင်လည်း တစ်အိမ်ထောင်မှ တစ်ပိဿာ ပိုမရဘူး” ဟု အမှတ် ၆ ရပ်ကွက် ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ညောင်တုန်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များ အပါအဝင် တာကွေ့၊နတ်ပေး၊ပဲရုံဆိပ်၊ တူးချောင်း၊ဆားမလောက် စသည့်ကျေးရွာများ၌ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှအကန့်အသတ်ဖြင့် ရောင်းချနေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
စားသုံးဆီရောင်းချရာ၌ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ လူတစ်ရာနီးပါးကို အကန့်အသတ်ဖြင့် တစ်ဦးလျှင် ဆီတပိဿာ ရောင်းချနေသည်ဟု အကြောင်းပြသော်လည်း အမှန်တကယ် အိမ်ထောင်တစ်စုလျှင် ဆီတစ်ဆယ်သားကျော်သာ ရရှိကြောင်း ကျေးရွာဒေသခံများက ဆိုသည်။
ယင်းကဲ့သို့ စားသုံးဆီများကို အကန့်အသတ်ဖြင့် ရောင်းချရန်ကြိုးစားနေသော်လည်း ကုန်စုံဆိုင်များတွင် မှောင်ခိုဆီစျေးကွက်အဖြစ် စားအုန်းဆီ တစ်ပိဿာလျှင် တစ်သောင်း ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း ဒေသခံများထံက သိရသည်။