ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ ၊ညောင်ပင်ကြီးရဲစခန်းသိမ်းတိုက်ပွဲတွင် စခန်း၌ ဖမ်းဆီးခံထားရသော ဗိုလ်နဂါး၏ မိတ်ဆွေများကိုပါ ကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။
ညောင်ပင်ကြီးရဲစခန်းသိမ်းတိုက်ပွဲကို ယင်မာပင်ခရိုင် ကွပ်ကဲရေးအဖွဲ့နှင့် အတူပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)နှင့် Buffalo People Defense Force(လွိုင်ကော်အခြေစိုက်)တို့က ခရိုင်ကွပ်ကဲရေး၏တွဲဖက်စီစဥ်ညွှန်ကြားခြင်းဖြင့် ဇွန်လ ၉ ရက်ညနေ ၅ နာရီခွဲတွင်ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တစ်နာရီကျော်ကြာတိုက်ပွဲအတွင်းစစ်သား ၁၀ဦးထက်မနည်းသေဆုံးပြီး စခန်းတစ်ခုလုံးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ကာ စခန်းတွင်းဖမ်းဆီးခံထားရသော ဗိုလ်နဂါး၏ မိတ်ဆွေများကိုလည်း ကယ်ထုတ်နိုင်သည်ဟု ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)ကထုတ်ပြန်သည်။
သို့သော် ဗိုလ်နဂါး၏ မိတ်ဆွေဘယ်နှစ်ဦးကို ကယ်တင်ခဲ့သည်ကိုမူ အသေးစိပ်ထုတ်ပြန်ထားခြင်းမရှိပေ။စစ်ကိုင်းတိုင်းပုလဲနယ်တွင် ဗိုလ်နဂါးက MRDA တပ်ကိုဖွဲ့စည်းတည်ထောင်ထားသည်။
“စခန်းသိမ်းနိုင်ဖို့ နှစ်လလောက် လက်နက်၊ခဲယမ်း အပါအဝင် တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့တယ်။စခန်းသိမ်း နိုင်တာ တော့ ဝင်တိုက်ပြီး တစ်နာရီလောက်အကြာမှာပဲ သိမ်းနိုင်ခဲ့တာ”ဟု Buffalo PDF တာဝန်ရှိသူကလူထုနွေဦး သို့ပြောသည်။
ရဲစခန်းကိုမီးရှို့ပြီးချိန်တွင် စစ်ကောင်စီဘက်မှ တိုက်လေယာဥ်များဖြင့်လာရောက်ပစ်ခတ်ခဲ့ပြီး မဟာမိတ်ရဲဘော်များထဲမှ တစ်ဦး ဝမ်းဗိုက်ကျည်ထိမှန်ပြီး နိုင်ငံအတွက် အသက်ပေးလှူသွားခဲ့ပြီး တပ်ပေါင်းစုထဲမှ ရဲဘော်ငါးဦးလည်း အသေးစား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များကပြောသည်။
စခန်းသိမ်းတိုက်ပွဲတွင် စစ်သားနှင့်ရဲ အနည်းဆုံး ၁၀ ဦးကျော်သေဆုံးပြီးG3 သေနတ် ၄လက်၊MA သေနတ် ၁လက်၊စက်လက် သေနတ် ၁လက်၊ ၇၉ သေနတ် ၁နှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း ULF ပြန်ကြားရေးဌာနကထုတ်ပြန်သည်။
ညောင်ပင်ကြီး ရွာ အပါအဝင် အနီးတစ်ဝိုက်၌ စစ်ကောင်စီတပ်က အင်အား ရာဂဏန်းဖြင့်အင်အားဖြည့် တပ်စွဲပြီး ရဲစခန်းအနီးရှိ ဒေသခံပြည်သူများ၏နေအိမ်များကို မီးရှို့ နေသဖြင့် ပြည်သူ ထောင်နှင့်ချီ ထွက်ပြေးနေရသည်။