တနင်္သာရီမြို့နယ်ထဲက ညောင်ပင်ကွင်းရွာအခြေစိုက် ခြေမြန်တပ်ရင်း (၅၆၁) အနီးတဝိုက်မှာ ခြေနင်းမိုင်းတွေထောင်ထားတဲ့အကြောင်း ရေးထားတဲ့ စစ်ကောင်စီရဲ့ လျှို့ဝှက်အမိန့်စာတစ်စောင် ထွက်ပေါ်နေပါတယ်။
ဒီအမိန့်စာဟာ စစ်ကောင်စီထုတ်ပြန်တာ ဟုတ်၊ မဟုတ် မသိရသေးပေမယ့် တနင်္သာရီမြို့နယ်ထဲရှိ ကျေးရွာတချို့က စစ်ကောင်စီနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းတွေကြားထဲ မနေ့ကစလို့ ပျံ့နှံ့နေတာလို့ စစ်တပ်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
အခုလ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ထားတဲ့ အဲ့ဒီစာမှာ တပ်ဧရိယာခြံစည်းရိုးကနေ အပြင်ဘက် မီတာ ၃၀၀ (ပေတစ်ထောင်နီးပါး) အတွင်းမှာ လုံခြုံရေးလိုအပ်ချက်အရ ခြေနင်းမိုင်းတွေထောင်ထားတာကြောင့် ကန့်သတ်နယ်မြေအနေနဲ့သတ်မှတ်ထားတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီအမိန့်စာကို တနင်္သာရီမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို လိပ်မူထားပြီး နီးစပ်တဲ့ ရွာသူ/သားတွေ၊ ကျွဲ၊ နွား တိရစ္ဆာန်တွေကို ကန့်သတ်နယ်မြေအနီးတဝိုက် ဖြတ်သန်းသွားလာတာမျိုး မလုပ်မိစေဖို့၊ အသိပေးဖို့ ရေးသားထားပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက “စာထဲမှာပါတဲ့နီးစပ်သူဆိုတာက ပြည်သူအားလုံးကိုမဆိုလိုဘူး။ ပြည်သူတွေကို တကယ်ကြည့်ရင် အားလုံးသိအောင်ပြောရမယ်လေ။ အခုကပြောလည်းပြောချင်၊ မသိလည်းမသိစေချင်တဲ့ အခြေအနေမျိုးဖြစ်နေတယ်” လို့ ပြောပါတယ်။
ခမရ(၅၆၁) တပ်ရင်းဟာ ညောင်ပင်ကွင်းရွာ မီးသတ်ဌာန၊ ကျေးရွာစာသင်ကျောင်းတွေနဲ့ ကပ်ရက်ဖြစ်ပြီး တပ်အနီးတဝိုက်မှာလည်း ဥယျာဉ်ခြံတွေရှိတာကြောင့် ဒေသခံတွေ သွားလာမှုများတဲ့နေရာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ ဒေသခံတွေကို သတျိပေးပွောဆိုတာတှေ မရှိသေးပါဘူး။
စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးက အရင်ကလည်းမိုင်းထောင်ထားတာရှိတယ်။ အခုက ဟိုဘက်က(တော်လှန်ရေးအင်အားစု)လာနိုင်တဲ့လမ်းကြောင်းတွေမှာအဓိကထောင်မယ်လို့ သိရတယ်။ သူတို့မှာအင်အားနည်းနေတော့ မိုင်းကို ကင်းအနေနဲ့ လုပ်တဲ့သဘောလည်းပါမယ်။ လို့ သူ့အမြင်ကို ပြောပါတယ်။
တပ်ရင်းအနီးတဝိုက်က ဥယျာဉ်ခြံတွေမှာလည်း ခြံပိုင်ရှင်တွေကိုအသိမပေးဘဲ နယ်ကျော်မိုင်းထောင်တာမျိုးတွေလည်းရှိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အခုနှစ် မတ်လကလည်း ခမရ(၅၆၁) တပ်ရင်းအနီးက သီဟိုဠ်ခြံအတွင်း သီဟိုဠ်စေ့ဝင်ကောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ယောက္ခမဖြစ်သူ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။