ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ထီခိုးကျေးရွာကို မတ်လ ၂၇ရက်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ အကြိမ် ၂၀ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ဒီနေ့ နေ့လည်မှာ ထုတ်ပြန်လိုက်ပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီမှ ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထီခိုးကျေးရွာမှ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့မှာ ကျေးရွာအတွင်း ပိတ်မိနေခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မတ်လ ၂၇ရက် နေ့လည် ၂နာရီမှာ ပင်လောင်းမြို့နယ်၊ နမ့်တုတ်ကျေးရွာအနီးကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးလောင်ဗုံးကြဲချ တိုက်ခိုက် တာတွေကြောင့် ပြည်သူတွေရဲ့ စည်းအိမ်ဥစ္စာတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စက်လှေဆိပ်မှာ ရပ်နားထားတဲ့ ပြည်သူပိုင် ကားတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့ရတဲ့အပြင်အကြမ်းဖက်စစ်ကောင်စီက မတ်လ ၂၇ရက်မှာ ဆီဆိုင်မြို့ပေါ်ကိုလည်း လက်နက်ကြီးနဲ့ အကြိမ် ၂၀ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။