ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် နမ်းဗွဉ်(နမ်းပွန်)ရွာဂိတ်က စစ်ကောင်စီတပ်တွေဟာ မနေ့က ဂိတ်ကိုဖြတ်လာတဲ့ ရေပူရွာသား ၃ ယောက်ကို အပြင်းအထန်ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။
နမ်းဗွဉ်(နန်းပွန်)ဂိတ်ကို ဖြတ်လာတဲ့ ရေပူရွာသားတွေဖြစ်တဲ့ ခွန်ကျော်ဝင်း ၂၃ နှစ်၊ ခွန်ဝေးခမ်း ၁၈ နှစ်နဲ့ မောင်ကျော်ရဲ ၁၆ နှစ်တို့ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ရိုက်နှက်ခဲ့တာလို့ သိရပါတယ်။
“အဲဒီနေရာက လမ်းဆုံလေ ၊ ဟိုဖက် ဒီဖက် သွားလာဖို့ က ဖြတ်မှကို ရတာ၊ သူတို့ကို အရမ်းကြောက်နေရတယ်၊ အသလွတ်ရိုက်နေတာ” လို့ ဒေသခံကပြောပါတယ်။
မိုးဗြဲ၊ ဖယ်ခုံဘက်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး အကျအဆုံးများနေတဲ့ စစ်ကောင်စီဟာ ယင်းဂိတ်မှာ အစစ်အဆေးကြမ်းနေတာဖြစ်ပြီး ခရီးသွားပြည်သူတွေကို အကြောင်းမဲ့ ရိုက်နှက် နှိပ်စက်နေတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၃ ရက်က နမ်းဗွဉ်ရွာက ခွန်တီးပေဟာ PNO ပြည်သူ့စစ်ကောက်ခံတဲ့ ငွေ ကျပ် ၅ သိန်း ၈ သောင်းမထည့်နိုင်လို့ စစ်မှုထမ်းရာမှာ ဖယ်ခုံ တိုက်ပွဲမှာ ကျဆုံးသွားတာကို ဒေသခံတွေထံက ငွေကောက်ခံပြီး နာရေးပြုလုပ်ခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ကြောင်း သိရပါတယ်။