ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင်ထဲမှာ နေ့စဉ်နီးပါးဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ရတဲ့ပြည်သူ ၂ သိန်းကျော် ရှိလာပြီလို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) ပြောရေးဆိုခွင့်ရှိ စောလေးကပေါ် ထံ ကသိရပါတယ်။
ကရင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ညောင်လေးပင်ခရိုင်ဟာ KNU တပ်မဟာ ၃ လှုပ်ရှားရာ နယ်မြေလည်းဖြစ်ပါတယ်။
ညောင်လေးပင်ခရိုင်ထဲက မုန်း ၊ ရွှေကျင် နဲ့ကျောက်ကြီးမြို့တွေမှာ တပ်မဟာ ၃ လက်အောက်ခံ တပ်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေ နေ့စဉ်နီးပါးဖြစ်ပွားနေတယ်လို့သိရပါတယ်။
တိုက်ပွဲဖြစ်စဉ်တွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး နဲ့ပစ်ခတ်တာ ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်ရသူ ဦးရေဟာ ပိုများလာတယ်လို့ KPSN ကဆိုပါတယ်။
စစ်ရှောင်ဦးရေ တိုးလာချိန်မှာ တဖက်မှာလည်း ကုန်ဈေးနှုန်းကလည်း တက်လာသလို အလှူရှင်အကူအညီလည်း ပုံမှန်မရှိတဲ့အတွက် အခက်အခဲကြုံနေရတယ်လို့ KPSN ပြောရေးဆိုခွင့်ရှိ စောလေးကပေါ် ကဆိုပါတယ်။