ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ ဆောထိမြို့နယ်နဲ့ လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက ပြည်သူပိုင် နေအိမ် ၆လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် ဆိုင်ကယ် ၄စီးကိုလည်း ခိုးယူသွားခဲ့တယ်လို့ KNU(ဗဟို)မှ မနေ့ညက ထုတ်ပြန်ခဲ့ပါတယ်။
ဆောထိမြို့နယ်(KNU) အုပ်ချုပ်နယ်မြေအတွင်း ဖေဖော်ဝါရီလ ၆ရက်နေ့ နေ့လည် ၁၀နာရီ ၃၀မိနစ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ညောင်ပင်ပေါက်ကျေးရွာ အတွင်းကို ဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ အတွင်းရှိ ပြည်သူတွေ ပိုင်ဆိုင်တဲ့ ဆိုင်ကယ် ၄စီးကိုလည်း ခိုးယူသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လယ်ဒိုမြို့နယ်(KNU)အုပ်ချုပ်နယ်မြေအတွင်းမှာလည်း ဖေဖော်ဝါရီလ ၈ရက်နေ့ မနက် ၉နာရီမှာလည်း အကြမ်းဖက်စစ်ကာင်စီတပ်တွေက နတ်သံကွင်း ရဲစခန်းအနီးရှိ နေအိမ် ၄လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။