ပဲခူးတိုင်း၊ ညောင်လေးပင် (ခလယ်လွီထူ) ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU-ဗဟိုထံမှ သိရသည်။
ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီ ၃၉ မိနစ်မှ ၅ နာရီ ၂၄ မိနစ်အထိ အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာများ၊ တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်များဖြင့် ပဲနွယ်ကုန်းမြို့အနီး သဲကော ကျေးရွာအတွင်းကို ဗုံး ၂၇ လုံးကျဲချခဲ့ပြီး အော်လီဂန်းဖြင့် ၅ ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၂၇ မိနစ်မှ ၁၀ နာရီ ၃၅ မိနစ်အထိ အကြမ်းဖက် စစ်တပ်၏ လေတပ်မှ ဂျက်ဖိုက်တာများဖြင့် နတ်သံကွင်းမြို့အတွင်းကို ဗုံး ၂ လုံး ကျဲချခဲ့ပြီး အော်လီဂန်းဖြင့် ၃ ကြိမ်ခန့် ပစ်ခတ်ခဲ့ကာ နံနက် ၁၀ နာရီ ၄၀ မိနစ်မှ ၁၀ နာရီ ၄၄ မိနစ်အတွင်း ပဲနွယ်ကုန်းမြို့အနီး သဲကောရွာ တစ်လျောက်လုံးကို ဗုံး ၂ လုံး ကျဲချသွားသည့်အပြင် မွန်းလွဲ ၁၂ နာရီ ၄၇ မိနစ်မှ ၁၂ နာရီ ၅၅ မိနစ်အတွင်း နတ်သံကွင်းမြို့အတွင်းကို ဗုံး ၃ လုံး ထပ်မံ ကျဲချသွားကြောင်း သိရှိရသည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် တံခွန်တိုင်ရွာမှ အသက် ၅၄ နှစ်အရွယ် ဦးဇော်မင်း ၊ အသက် ၇ နှစ်အရွယ် မပြည့်စုံပွင့် ၊ အသက် ၄ နှစ်အရွယ် မမိဟန်နီနှင့် အသက် ၁ နှစ်အရွယ် မဖူးဖူး တို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် ၃၀ အရွယ် ဒေါ်ဘဲဥမ သေဆုံး ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၂၇ မိနစ်မှ ၁၀ နာရီ ၃၅ မိနစ်အတွင်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် နတ်သံကွင်းမြို့အတွင်းကို ဗုံး ၂ လုံး ကျဲချခဲ့ပြီး အော်လီဂန်းဖြင့် ၃ ကြိမ်ခန့်ပစ်ခတ်ခဲ့ကာ ပဲနွယ်ကုန်းမြို့အနီး သဲကောရွာ တစ်ဝိုက်ကို နံနက် ၁၀ နာရီ ၄၀ မိနစ်မှ ၁၀ နာရီ ၄၄ မိနစ်အထိ ဗုံး ၂ လုံး ကျဲချသွားကြောင်း၊ ထို့ပြင် မွန်းလွဲ ၁၂ နာရီ ၄၇ မိနစ်မှ ညနေ ၅ နာရီ ၃၃ မိနစ် အထိ အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာများ၊ ရဟတ်ယာဉ်များက ဗုံး ၂၃ လုံး ကျဲချခဲ့သောကြောင့် နတ်သံကွင်းမြို့အတွင်းရှိ စိန်ပန်းဘုန်းကြီးကျောင်းနှင့် ဓာတ်ဆီဆိုင် ၁ ဆိုင် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်က ပြည်သူလူထုများကို ပစ်မှတ်ထား၍ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကို အဆက်မပြတ် လုပ်ဆောင်နေခြင်း ကြောင့် နတ်သံကွင်းမြို့၊ ပဲနွယ်ကုန်းမြို့နှင့် ၎င်းမြို့များ၏ အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် ပြည်သူလူထု ထိခိုက်သေဆုံးမှုများ၊ နေအိမ်၊ ပြည်သူပိုင်အဆောက်အဦး နှင့် သာသနာပိုင်အဆောက်အဦး ထိခိုက် ပျက်စီးမှုများမှာ တနေ့တခြား များပြားလာပြီး စာရင်း အတိအကျကောက်ယူရန်အတွက် လုံခြုံရေးအရ အခက်အခဲများနှင့်စိန်ခေါ်မှုများစွာဖြစ်ပေါ်လျက်ရှိကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။