ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်နှင့် ကျောက်တံခါးမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ် ၂ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။
ဇူလိုင်လ ၈ ရက်နေ့ နံနက် ၁၀နာရီ မှ ညနေ ၅ နာရီ အထိ လယ်ဒိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တောင်ခင် ကျေးရွာ ဘက်တွင် ၆ လုံး၊ နွားရေကြောင်းကျေးရွာ ဘက်တွင် ၇ လုံး၊ လေးအိမ်စု ကျေးရွာ ဘက်တွင် ၅ လုံး နှင့် အလှိုင် ဘက်တွင် ၁ လုံး စုစုပေါင်း ၁၉ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ယင်းနေ့ မွန်းလွဲ ၁၂ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ ခမရ-၃၀၇ တပ်ရင်းက လေးအိမ်စု ကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အသက် ၄၄ နှစ်အရွယ် မမိုဝါးနှင့် အသက် ၃၅ နှစ်အရွယ် ကိုကျော်ရဲ တို့ ၂ ဦး သေဆုံးခဲ့ပြီး နေအိမ်များလည်း မီးလောင်ပြာကြ ခဲ့ကြောင်း သိရှိရသည်။
ဇူလိုင်လ ၆ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၃၀၇ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁ လုံးပစ်ခတ်မှုကြောင့် ပေါက်ပင်ကုန်းကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ပင်ကုန်းကျေးရွာနေ အသက် ၃၉ နှစ်အရွယ် စောတာဝါးဟူး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဇူလိုင်လ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်စီတပ်၏ ခလရ-၂၆၄ တပ်ရင်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်တံခါးမြို့နယ်၊ တောင်ခင်ကျေးရွာအုပ်စု၊ လေးအိမ်စု ကျေးရွာ အတွင်းတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လေးအိမ်စုကျေးရွာမှ နေအိမ် ၁ လုံး ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရသည်။
ဇူလိုင် ၉ ရက်နေ့ မွန်းလွဲ ၁ နာရီနှင့် ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၃၀၇ တပ်ရင်းက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် သမင်အင်းကုန်းကျေးရွာ ဘုရားကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။