ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်အတွင်း၌ စစ်ကောင်စီတပ်က ပြည်သူလူထုများရှိရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ (၇)နှစ်အရွယ်ကလေးငယ် အပါအဝင် ပြည်သူနှစ်ဦးသေဆုံးခဲ့ရကြောင်း KNUက ထုတ်ပြန်သည်။
ဩဂုတ် ၂၈ရက်နှင့် ၂၉ရက်များက KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ဆောထိ(ရွှေကျင်)နှင့် မူး(မုန်း)မြို့နယ်များအတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သား ပြည်သူများ၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည့်အပြင် ပြည်သူလူထုသေဆုံးထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ခလရ(၂၆၄)တပ်သည် ဩဂုတ် ၂၈ရက်တွင် ရွှေကျင်မြို့နယ် ချုံအင်းရွာ၊ ဝက်ချဲ၊ ရေတွင်းကုန်းနှင့် ကျောင်းကုန်း ကျေးရွာများအတွင်း လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ရေတွင်းကုန်းရှိ နေအိမ်အချို့ပျက်စီးခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ဩဂုတ် ၂၉ရက်တွင် ခလရ(၂၆၄)တပ်သည် ဆောထိ(ရွှေကျင်)မြို့နယ် အုပ်ချုပ်နယ်မြေ အတွင်းရှိ ပျဉ်ရေကြီးကျေးရွာသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ရာ ပျဉ်ရေကြီးကျေးရွာနေ မသွန်းရတီဖူး (၇)နှစ်နှင့် ဒေါ်စန်းမျိုးဦး (၄၄)နှစ် တို့ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရပြီး သုံးဦး ဒဏ်ရာရကာ လူနေအိမ်များ ပျက်စီးခဲ့ရသည်ဟု KNUက ထုတ်ပြန်သည်။
ဩဂုတ် ၂၉ရက်တွင်ပင် မုန်းမြို့နယ်အတွင်းရှိ လက်တပ်ကြီးရွာသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် KNU နယ်မြေအတွင်းရှိ ကျေးရွာများသို့ ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည့်အပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများလည်း ပြုလုပ်လျက်ရှိသည်။