ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကောင်စီနဲ့ PDF တို့ မနေ့ မနက်ပိုင်းကနေ ဒီကနေ့ ညနေအထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခတ်နေတယ်လို့ PDF တောင်ပိုင်းတိုင်း ကွန်မန်ဒိုတပ်ရင်း ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။
ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာဘက်ကို စစ်ကောင်စီ မနေ့က စစ်ကြောင်းထိုး ၀င်ရောက်လာတာကြောင့် တိုက်ပွဲတွေ စတင်ခဲ့ရာက လက်ရှိအချိန်ထိ ဆက်လက် ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
“ဖြစ်တာတော့ မနေ့ကလောက်မှ စဖြစ်တာပါ။ ထိတွေ့မှု ဖြစ်တာပေါ့နော်။ လောလောဆယ်တော့ မြေပြင်က သတင်းမပို့လာသေးတော့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး” လို့ သူကရှင်းပြပါတယ်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာ အနီး ကျေးရွာဖြစ်တဲ့ ပုဇွန်မြောင်းကျေးရွာကို လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခတ် ၀င်ရောက်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ဒီလို စစ်တပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် ပုဇွန်မြောင်းကျေးရွာ အပါအ၀င် ဆွဲဒလွဲကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာနေ ဒေသခံ ပြည်သူ ထောင်နဲ့ချီကာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲ ဖြစ်စဥ် အသေးစိတ်ကို မေးမြန်းနေဆဲ ဖြစ်ပါတယ်။
အခုလို စစ်ကောင်စီဘက်က ဆက်တိုက် စစ်ကြောင်းထိုးလာတာကြောင့် ဒေသတွင်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နိုင်တယ်လို့ PDF U အသိပေး ပြောဆိုထားပါတယ်။