မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ချောင်းရှည်ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးမိသားစု ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၂၅ ရက် မနက် ၆ နာရီခန့်မှာ အသက် ၅၂ နှစ်အရွယ် ချောင်းရှည်ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ကို လက်နက်ကိုင်အဖွဲ့တခုကရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးအပါအဝင် မိသားစုဝင် ၃ ဦးကို ပစ်သတ်သွားတာလို့ ဆိုပါတယ်။
“သူတို့သားအဖ ၃ ယောက်စလုံး စစ်မေးပြီးမှာ ခြံထဲမှာပဲ ပစ်သတ်ခံလိုက်ရတယ်လို့ သိရတယ်။ ပစ်ခတ်သွားတာကတော့ အချက်ရေများတယ်။ နေရာမှာပဲ ၃ ယောက်စလုံးသေသွားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦးရဲ့ နဖူး၊ လက်မောင်း၊ ရင်ဘတ်မှာ ကျည်ဖောက်ဝင်ဒဏ်ရာ၊ သားဖြစ်သူ မောင်ညီညီလင်း ၂၈ နှစ်မှာ ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာ၊ သမီးဖြစ်သူ မခင်မြတ်မြတ်ဦး ၂၅ နှစ်မှာ ရင်ဘတ်နဲ့လက် ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦးဟာ စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်သူဖြစ်တာကြောင့် ပြီးခဲ့တဲ့ဇွန်လ ဒုတိယပတ်အတွင်းကလည်း လက်နက်ကိုင်အဖွဲ့အစည်းတခုရဲ့ စာပို့သတိပေး ခံခဲ့ရသေးတယ်လို့ သိရကြောင်း ဒေသခံတဦးက ပြောပါတယ်။
ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းတွေဘက်က ဘာကြောင့် လုပ်ဆောင်တယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဧပြီ ၁၉ ရက်ကလည်း ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာ ကျေးရွာရေပေးဝေရေးရုံး (ပြည်သူ့ရေစင်ရုံး)အနီးမှာရှိနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူး အပါအဝင် ၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။