မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မန္တလေး – ထီးချိုင့် ကားလမ်းဘေး၊ ကြာညှပ်ကျေးရွာနဲ့ တကောင်းမြို့ကြားက ပေါ်တော်မူ ကျေးရွာအုပ်စုကို ဒီနေ့လည်ပိုင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲ ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဇန်နဝါရီ(၁၈)ရက် နေ့လည်(၁၂)နာရီမှာ သပိတ်ကျင်းနယ် ပေါ်တော်မူရွာကို စစ်အုပ်စုက အကြောင်းမဲ့ လေယာဉ်နဲ့ ဗုံကြဲတာ ဖြစ်ပြီး ဗုံးနှစ်လုံး ကြဲချသွားတာလို့ ဆိုပါတယ်။
တိုက်လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် ဒေသခံတွေ သေကြေ၊ ပျက်စီးမှု ရှိ၊မရှိ မသိရသေးဘူးလို့ တကောင်းနယ် ကြာညှပ်ရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
“လက်ပံကုန်းဘက်နဲ့ ပေါ်တော်မူ၊ ပေါ်တော်မူပေါက်က ဆီဆိုင်လေးလည်း မီးရှို့ခံရတယ်၊ လက်ပံကုန်းနဲ့ ဆယ်ဇင်းကုန်း ကတော့ စစ်သားတွေ တပ်စွဲနေလို့ တစ်ရွာလုံး ပြေးပြီးသား”လို့ ကြာညှပ် ဒေသခံတစ်ဦးက ဆိုပါတယ်။
ကြာညှပ်ကျေးရွာနဲ့ တကောင်းမြို့ကြား ကားလမ်းဘေး ကျေးရွာတွေကို စစ်အုပ်စုက မကြာခဏ စီးနင်းကာ ထင်တိုင်းကျဲ လုယက် မီးရှို့နေပြီး စစ်အုပ်စု ရန်ကြောင့် အဲ့ဒီကျေးရွာတွေက ဒေသခံတွေ အိမ်မှာ မနေရဲဘဲ ထွက်ပြေးနေရတာ လနဲ့ချီ နေပြီလို့ ဆိုပါတယ်။ ဒါ့အပြင် မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ကြာညှပ်ကျေးရွာနဲ့ ကြာညှပ်လမ်းဆုံမှာလည်း စီးနင်းအထိုင်ချ တပ်စွဲနေပြီး လမ်းပေါ် ဂိတ်ဖွင့်ကာ ဖမ်းဆီး ငွေညှစ် အကြမ်းဖက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကြာညှပ်ကနေ တကောင်းအထိ လမ်းပိတ်ထားတာက ကြာပြီ။ ကြာညှပ်ဂိတ်က တော်တော်ဆိုးတယ်၊ ပစ္စည်းသယ်ရင်လည်း ဖြတ်သွားရင် ပိုက်ဆံပေးရတယ်၊ ယောက်ကျားလေးတွေဆိုလည်း ဆိုင်ကယ် နှစ်ယောက်စီးလို့ ဆိုပြီး နှစ်သိန်းပေးခဲ့ရတယ် ကြားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သပိတ်ကျင်းနဲ့ တကောင်းနယ်တွေဟာ တိုက်ပွဲပြင်းထန်နေတဲ့ ထီးချိုင့်မြို့နဲ့ ထိစပ်နေပြီး စစ်အုပ်စုဟာ ထီးချိုင့် – မန္တလေး ကားလမ်းတလျှောက်က တကောင်း၊ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာနယ်ထဲ လမ်းပေါ် ဂိတ်တွေဖွင့်ပြီး ဖမ်းဆီး ငွေညှစ်တာ၊ သတ်ဖြတ်တာ၊ ရွာမီးရှို့တာ၊ လက်နက်ကြီးနဲ့ ထုတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။