စစ်ကိုင်းတိုင်း (အထက်ပိုင်း) ကောလင်းမြို့နယ်မှာ ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၃၀၅ တပ်ရင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သား စုဆောင်းခံခဲ့ရတဲ့ အသက် ၃၂ နှစ်အရွယ် လူငယ်တစ်ဦးက လက်နက်နဲ့တကွ အလင်းဝင်ရောက်လာခဲ့တယ်လို့ ကောလင်းခရိုင် တပ်ရင်း (၁)က ပြောပါတယ်။
အဲ့ဒီလူငယ်ဟာ ကျောက်ဆည်မြို့ အဆောင်တစ်ခုမှာ နေထိုင်ပြီး တက္ကသိုလ်တက်နေသူ တစ်ဦး ဖြစ်ကာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း စစ်တပ်က သူနေထိုင်ရာ အဆောင်ထဲထိ ဝင်ရောက်ဖမ်းဆီး ခဲ့ပြီး တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းခံခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။
“စစ်ကြောင်းမှူးနဲ့ စစ်သား၂ဦးက အသက် ၂၇နှစ် အရွယ်ရှိ ခရီးသွား အမျိုးသမီးတစ်ဦးကို အဓ္ဓမ ပြုကျင့်ကာ လည်လှီးသတ်ဖြတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ကနေ စွန့်ခွာခဲ့တာ”လို့ အဓမ္မစစ်သား စုဆောင်းခံခဲ့ရတဲ့ လူငယ်က ပြောပါတယ်။
အဲဒီလူငယ်ဟာ တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရပြီးနောက် တောင်တွင်းကြီးမြို့၊ အမှတ် ၇ စစ်အခြေခံ လေ့ကျင့်ရေး တပ်မှာ ၄ ပတ်ကြာ စစ်သင်တန်း တက်ရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီကတဆင့် ရွှေဘို၊ အမှတ် ၈ စစ်အခြေခံ လေ့ကျင့်ရေး တပ်ကို ပို့ဆောင်ခဲ့ပြီး ခလရ ၃၀၅ တပ်ရင်းမှာ ကျားဘီလူး စစ်ကြောင်းခွဲအဖြစ် ဖွဲ့စည်းခဲ့ကာ ကောလင်းမြို့ကို စစ်ကြောင်း ပြန်ထိုးစဉ်လိုက်ပါလာခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ခလရ ၃၀၅ စစ်ကြောင်းဟာ ကောလင်းမြို့နယ်၊ ကျောက်တန်းရွာကို မတ်လ ၅ ရက်နေ့ စစ်ကြောင်းထိုး ဝင်ရောက်ချိန်မှာ အကြမ်းဖက် စစ်ကြောင်းမှူးနဲ့ စစ်သား၂ဦးက အသက် ၂၇နှစ် အရွယ်ရှိ ခရီးသွား အမျိုးသမီးတစ်ဦးကို အဓ္ဓမပြုကျင့်ကာ လည်လှီးသတ်ဖြတ်ခဲ့တာကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်ကနေ စွန့်ခွာခဲ့တာလို့ ဆိုပါတယ်။
ကောလင်းခရိုင် တပ်ရင်း (၁)က ရဲ့ တာဝန်ရှိသူတစ်ဦးက “မတ်လ ၁၃ ရက်နေ့ထဲက အလင်းဝင်ရောက်ခဲ့ပြီး MA 2 စက်သေနတ် ၁ လက်၊ ကျည်ဆန် ၁၀၀၀ တောင့်၊ ကျည်အိမ် ၆ ခု၊ လက်ပစ်ဗုံး ၁ လုံးနဲ့ နင်းမိုင်း ၁ လုံး တို့ကို ယူဆောင်လာကာ အလင်းဝင်ရောက် ခဲ့တာဖြစ်ပြီး ဧပြီလ ၅ ရက်မှာ တပ်ရင်းကနေ ဂုဏ်ပြုဆုငွေ သိန်း ၅၀ ပေးအပ် ခဲ့တယ်”လို့ သိရပါတယ်။
အခုအလင်းဝင်တပ်သားနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မိသားစု လုံခြုံရေးကြောင့် ထုတ်ဖော်ပြောဆိုလို့ မရသေးဘူးလို့ ကောလင်းခရိုင်တပ်ရင်း (၁) မှ IO အရာရှိက ပြောပါတယ်။