ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့က အထက်တန်းကျောင်း မှာ ပြုလုပ်နေတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ (G12) စာမေးပွဲကို ဆီဆိုင်မြို့က စစ်ရှောင်ကျောင်းသားတွေ တစ်ဦးမှ လာရောက်ဖြေဆိုခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။
အဲဒီလို ဆီဆိုင်က G12 ကျောင်းသားတွေ စာမေးပွဲလာရောက်ဖြေဆိုခြင်းမရှိတာဟာ မိဘတွေနဲ့မိသားစုတွေ စစ်ရှောင်ပြေးနေကြလို့ ဒုက္ခတွေ ရောက်နေကြချိန်မှာစာမေးပွဲကို အာရုံစိုက်နိုင်စွမ်းမရှိလို့လို့ ကျောင်းသားမိဘအချို့က ပြောပါတယ်။
`ပြေးနေရတာ နေဖို့ စားဖို့တောင်အနိုင်နိုင်လေ၊ ကလေးတွေလဲ စာတွေ မကျက်နိုင်၊ မလိုက်နိုင်၊ သင်တာလဲမရှိဆိုတော့ ဖြေလဲကျမှာပဲဆိုပြီး မဖြေကြတော့တာ`လို့ မိဘတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
အခြားကျောင်းသား မိဘတစ်ဦးကတော့ ကလေးတွေ စာမေးပွဲဖြေလို့အောင်ပြီးရင်လဲ စစ်ထဲပဲဝင်ခိုင်းနေတာရယ်၊ ရွာက ငွေတောင်းတာတွေကြောင့် အလုပ်ရဖို့ပဲအရေးကြီးနေတာကြောင့် ကလေးတွေကိုယ်တိုင်လဲ စာကို စိတ်မပါတော့တဲ့အပြင် စာကျက်ဖို့ စာမေးပွဲဖြေဖို့မပြောနဲ့ ဒီမှာကို မနေချင်ကြတော့တာလို့ ပြောပါတယ်။
စစ်ကောင်စီက ပြုလုပ်တဲ့ ၂၀၂၄ ခုနှစ် G12 စာမေးပွဲကို နိုင်ငံခြားစာစစ်ဌာန ၁၁ ခုနဲ့ ပြည်တွင်း ၈၃၀ စုစုပေါင်း ၈၄၁ ခု ဖွင့်လှစ်ခဲ့ပြီး ဖြေဖို့ စာရင်း ပေးတာက ၁၄၆၅၂၃ ရှိပြီး မြန်မာစာလာဖြေတာက ၁၂၈၈၀၁ ရှိပြီး ပျက်ကွက်သူ ၁၇၇၂၂ရှိလို့ ဖြေဆိုသူရာခိုင်နှုန်း ၈၇ ဒဿမ ၉၀ ရှိတယ်လို့ မတ်လ၁၁ ရက် MRTV ကကြေညာတာ သိရပါတယ်။