မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသမှာတွေ အခုနှစ်တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်အရပ်သား ၅၀၀ ကျော် ထိခိုက်သေကြေမှု ရှိခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ထုတ်ပြန်ပါတယ်။
ဒီနေ့ဒီဇင်ဘာလ ၁၀ ရက် မှာ ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး နေ့မှာ KHRG က ၂၀၂၃ တစ်နှစ်တာအတွင်း အရပ်သားထိခိုက်သေကြေမှုကို ထုတ်ပြန်တာပါ။
အရှေ့တောင်ပိုင်းဒေသတွေမှာ အခုနှစ်အတွင်း စစ်ကောင်စီလေတပ်ဟာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၀၀ နီးပါး ပြုလုပ်ခဲ့ရာ အရပ်သား ၁၃၄ ဦး ထက်မနည်း ထိခိုက်သေကြေမှု ရှိခဲ့တယ်လို့သိရပါတယ်။
အလားတူပါပဲ ဒီနှစ်ထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃၈၄ ဦးထက်မနည်း သေဆုံးဒဏ်ရာ ရှိခဲ့တယ်လို့ KHRG ကဆိုပါတယ်။
ဒါပေမယ့် ဒဏ်ရာရသူနဲ့ သေဆုံးသူ ဦးရေကို သီးခြား ဖော်ပြထားတာမတွေ့ရပါဘူး ။
aလကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ကြောင့် စာသင်ကျောင်းတွေ ၊ ဆေးရုံဆေးခန်းတွေ ၊ ဘာသာရေးအဆောက်အဦး ၊ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KHRG က ဖော်ပြပါတယ်။
မြန်မာနိုင်ငံရှေ့တောင်ဘက် ဒေသတွေမှာ ကရင်ပြည်နယ် ၊ကရင်နီပြည်နယ် (ကယား) မွန် ၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်း ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေ ပါဝင်တယ်လို့သိရပါတယ်။