ပြီးခဲ့တဲ့ တစ်လတာအတွင်း မန္တလေးမြို့ပေါ် မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ အရပ်သား ပြည်သူ ၅၆ ဦးရှိခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုထံကသိရပါတယ်။
ဖမ်းဆီးခံရသူ ၅၆ ဦးမှာ အမျိုးသား ၃၉ ဦးနဲ့ အမျိုးသမီး ၁၇ ဦးပါဝင်ပါတယ်။
ဖမ်းခံရသူတွေဟာ ချမ်းအေးသာဇံမြို့နယ် ၊ အောင်မြေသာဇံမြို့နယ် ၊ မဟာအောင်မြေမြို့နယ် ၊ချမ်းမြသာစည်မြို့နယ် တို့ကဖြစ်တယ်လို့သိရပါတယ်။
အခုလို အရပ်သားအများအပြား ဖမ်းခံရချိန်ဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း မန္တလေးတိုင်းမှာ စစ်ကောင်စီ ရဲ့ စစ်တိုင်းမှူး အပြောင်းအလဲ ပြုလုပ်ချိန်နဲ့လည်းတိုက်ဆိုင်နေတာတွေ့ရပါတယ်။
” ရောက်ရောက်ချင်းအာဏာပြချင်တာနဲ့ အပြစ်မဲ့သူတွေကို အတင်းဖမ်းဆီးတာ” လို့ မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မန္တလေးတိုင်း တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး ရာထူးတိုးသွားပြီးနောက် သူ့နေရာမှာ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်ကို စစ်ခေါင်းဆောင်က ခန့်လိုက်တာပါ။