တနင်္သာရီမြို့နယ်၊ သာရဘွင်ရွာ အခြေစိုက် ချမ်းမြေ့ပါရမီကျန်းမာရေးအထောက်အကူပြုအဖွဲ့ရဲ့ ယာဉ်မောင်း အမျိုးသားတစ်ဦး စစ်ကောင်စီစစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြိတ်မြို့ဘက်ကို ပြီးခဲ့တဲ့လ ၃၀ ရက်နေ့က လူနာသွားပို့ပြီးပြန်လာချိန်မှာ ယာဉ်မောင်း ကိုအောင်ကျော်နိုင်ကို ဇဝဲရွာစစ်ကောင်စီစစ်ဆေးရေးဂိတ်ကနေ ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးပြီးနောက်မှာ ကိုအောင်ကျော်နိုင်နဲ့ သူ့မောင်းတဲ့ လူနာတင်ယာဉ်ကို အောက်ကင်းရွာအခြေစိုက် ခမရ(၅၅၇) တပ်ရင်းထဲမှာ ချုပ်နှောင်ထားတာလို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
ဖမ်းဆီးခံရပြီး သုံးပတ်အကြာ ဒီကနေ့မှာတော့ ကိုအောင်ကျော်နိုင်သေဆုံးကြောင်းနဲ့ အလောင်းကို မနက်ဖြန်မှာ လာကြည့်ဖို့ မိသားစုဝင်တွေထံ စစ်ကောင်စီတပ်ဘက်က ဖုန်းဆက်အကြောင်းကြားလာတာလို့ သေဆုံးသူရဲ့ သူငယ်ချင်းဖြစ်သူက ပြောပြပါတယ်။
“နှိပ်စက်ခံရပြီးဆုံးသွားတယ်လို့တော့ ကြားတယ်။ အရမ်းဝမ်းနည်းပြီး မချိမဆံ့ခံစားရတယ်” လို့ သူငယ်ချင်းဖြစ်သူက ပြောပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ ကိုအောင်ကျော် နိုင်ဟာ အကို၊ အမေနဲ့ ၈ တန်းကျောင်းသားညီဖြစ်သူ တို့ကို အလုပ် လုပ်ကိုင်ကျွေးမွေးနေသူတစ်ဦးဖြစ်ပြီး ရပ်ရွာမှာ အားကိုးအားထားရတဲ့ လူငယ်တစ်ဦးလည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်းမှာပဲ တနင်္သာရီမြို့နယ်၊ မော်တုန်း(အရှေ့)ရွာက ချစ်ကြည်ရေးပရဟိတအသင်းရဲ့ ယာဉ်မောင်းအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က သူရဲ့နေအိမ်မှာပဲ ဖမ်းခေါ်သွားပြီး ဒီကနေ့ထိ ဘယ်မှာဖမ်းဆီးခံထားရတယ်ဆိုတာနဲ့ အသက်ရှင်လျက် ရှိ၊ မရှိကို မသိရသေးပါဘူး။
အခုနှစ်မေလကလည်း ပရဟိတလုပ်ငန်းတွေလုပ်ကိုင်တဲ့ ထားဝယ်မြို့ခံ တစ်ဦးဖြစ်တဲ့ အသက် ၃၀ အရွယ်ရှိ ကိုကျော်သူရ (ခေါ်) အီဆာဟတ်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ကြောရေးမှာ စစ်ဆေးနေစဉ် ၅ ရက်အကြာမှာပဲ သေဆုံးသွားပြီလို့ မိသားစုကိုလာရောက်အကြောင်းကြားခဲ့ပါတယ်။