စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ တနင်္သာရီတိုင်းအတွင်းက စစ်ရှောင်ပြည်သူလေးသောင်းနီးပါးအတွက် ဒေသတွင်းစစ်ဘေးရှောင်ထောက်ပံ့ကူညီရေးအဖွဲ့တွေစုဝေးပြီး ကမ်းပိန်းတစ်ခုပြုလုပ်ထားပါတယ်။
အဲဒီကမ်ပိန်းကို “ဝဿန်ဦးအတွက် ဆန်စုဗူး” လို့ အမည်ပေးထားပြီး စားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေရတဲ့ တနင်္သာရီတိုင်းထဲက စစ်ဘေးရှောင်ပြည်သူတွေအတွက် ရိက္ခာဖူလုံဖို့ရည်ရွယ်ပြီးလုပ်တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါကမ်ပိန်းရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “လူဦးရေ သုံးထောင်နီးပါးရှိတဲ့ ပုလောမြို့နယ် အမြဲတမ်းစစ်ရှောင်စခန်းမှာဆို လတစ်လကို သိန်း ၄၀၀ ဝန်းကျင်ကုန်ကျပါတယ်။ ပညာရေးကဏ္ဍအတွက် ထောက်ပံ့ပေးမှုတွေလည်း ကုန်ကျစရိတ်ထဲ ထည့်သွင်းစဥ်းစားရပါသေးတယ်။” လို့ ပြောပါတယ်။
ကုန်ကျစရိတ်ကတော့ စစ်ရှောင်လူဦးရေပေါ်မူတည်ပြီး အလှူငွေရရှိမှုနည်းပါးလာတဲ့အခါမျိုးတွေမှာ ကမ်ပိန်းတွေလုပ်ဆောင်တာနဲ့ မဟာမိတ်အဖွဲ့အစည်းတွေဆီက အကူအညီတောင်းတာမျိုးတွေ စသဖြင့်နည်းလမ်းတွေနဲ့ ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ဖြတ်လေးဖြတ်ကြောင့် စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာပြတ်တောက်တာမျိုးတွေလည်း ကြုံရတဲ့အတွက် ရိက္ခာကြိုစုတာမျိုးတွေ လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။
ကမ်ပိန်းကာလကို အခုလ (၁၂)ရက်နေ့ကနေ နောက်လ၊ ဇူလိုင် (၂၆)ရက်နေ့အထိ သတ်မှတ်ထားပြီး ဒီကာလအတွင်းဆန်အိတ် ၁၅၀၀ စုစည်းမိဖို့ကို ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
အဆိုပါကမ်ပိန်းကို တနင်္သာရီတိုင်းအတွင်းက စစ်ဘေးရှောင်ကိစ္စတွေကို အဘက်ဘက်က ကူညီပံ့ပိုးပေးနေတဲ့ ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့၊ ပုလောစစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီ၊ နွေဦးမေတ္တာ-စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့၊ တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့(တနင်္သာရီမြို့နယ်)၊ တနင်္သာရီလူမျိုးပေါင်းစုံကွန်ဂရက်၊ တနင်္သာရီအခြေစိုက်ကျောင်းသားသမဂ္ဂများကွန်ရက်တို့က ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်လို့ ကမ်ပိန်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒီကမ်ပိန်းမှာပါဝင်ချင်တဲ့ အလှူရှင်တွေအနေနဲ့ “ဝဿန်ဦးအတွက် ဆန်စုဗူး” ဖေ့ဘုတ်စာမျက်နှာရဲ့ မက်ဆင်ဂျာကိုဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းထဲမှာ အခုနှစ်အတွင်း စစ်မျက်နှာ ပိုမိုကျယ်ပြန့်လာနေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေလည်းများလာကာ စစ်ကောင်စီတပ်ဘက်ကလည်း အရပ်သားတွေနေထိုင်တဲ့ရပ်ကွက်တွေထဲ လက်နက်ကြီးနဲ့ရမ်းသန်းပစ်ခတ်တာတွေပိုမိုလုပ်ဆောင်လာနေတာ တွေ့ရပါတယ်။
ဒါကြောင့် အရပ်သားပြည်သူတွေရဲ့အိုးအိမ်တွေထိခိုက်ပျက်စီးပြီး မကြာခဏစစ်ဘေးရှောင်ပြေးနေကြရတာကြောင့် လူမှုစီးပွားရေးတွေထိခိုက်ကာ စားဝတ်နေရေးမဖူလုံတာတွေ ကြုံတွေ့နေရပါတယ်။