သရက်ချောင်းမြို့နယ်ထဲက ရွာ ၄ ရွာကို စစ်ကြောင်းထိုးဝင်လာတဲ့စစ်ကောင်စီတပ်သားတွေဟာ နေအိမ်တွေကိုရိုက်ဖြိုပြီး မီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရငဲရွာက မြွေတောင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒီကနေ့ အောကါတိုဘာ ၉ မနက် ၁၁ နာရီလောက်က ရငဲရွာကနေ တဆက်တည်းရှိတဲ့ ရွာတွေဖြစ်တဲ့ ကျောက်ခမောက်၊ ကျွဲမင်းကုန်း၊ ကနက်သီရိရွာတွေကို လက်နက်ကြီးတွေပစ်ပြီး စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ရငဲရွာက နေအိမ် ၂ ဆောင်ကို မီးရှို့ထားပြီး ကျောက်ခမောက်ရွာက နေအိမ်တွေကိုလည်း ရိုက်ဖြိုဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အခုက တပ်ဆုတ်ပြလိုက်တယ်။ ရွာသားတွေပြန်ဝင်လာရင် စစ်ကြောင်းထပ်ဝင်။ ပြည်သူတွေကိုသက်သက်ညှင်းပန်းနေသလိုပဲ။ အိမ်တွေလည်းမွှေနေတာအခါခါဖြစ်နေပြီ။ သူတို့ဘာတွေထပ်လိုနေသေးလဲမသိဘူးရှင်။” လို့ ရငဲရွာခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဲဒီရွာတွေကို စက်တင်ဘာလ ၂၉ ရက်က စစ်ကောင်စီတပ်စစ်ကြောင်းထိုးခဲ့ပြီး အခုလ ၃ ရက်နေ့မှာ ပြန်ထွက်သွားခဲ့ပါတယ်။ အဲဒီအချိန်က ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ဒေသခံရွာသားတွေထဲက တချို့ဟာ စစ်ကောင်စီစစ်ကြောင်းပြန်ထွက်သွားချိန်မှာ ရွာကို ပြန်လာပြီးနေထိုင်နေကြတာဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်ကြောင်းထပ်ဝင်လာလို့ နေရပ်ပြန်တဲ့ စစ်ရှောင်တချို့ ထပ်ရှောင်နေရသလို တချို့ကလည်း ရွာထဲပိတ်မိတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့ကလည်း ရငဲရွာအနီးတဝိုက်မှာရှိတဲ့ ဝဲရစ်ရွာနဲ့ ကမြိုင်ရွာတွေထဲ စစ်ကြောင်းထိုးခဲ့ပါတယ်။ အဲဒီစစ်ကြောင်းမှာပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ နေအိမ်ပေါင်းတစ်ရာကျော်ကို မွှေနောက်ဖျက်ဆီးခဲ့ပြီး ရွှေ၊ ပိုက်ဆံ၊ ဖုန်းနဲ့ တခြားပစ္စည်းတွေသိမ်းယူသွားခဲ့ပါတယ်။
တနင်္သာရီတိုင်းထဲက ရေဖြူအနောက်ဘက်ကမ်းကိုလည်း စစ်ကောင်စီတပ်က ၁၀ ရက်အကြာစစ်ကြောင်းထိုးခဲ့ပြီး အခုလ ၃ ရက်နေ့က တပ်ပြန်ဆုတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ စစ်ကြောင်းထပ်ဝင်လာလို့ ကျေးရွာ ၆ ရွာကပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။