တနင်္သာရီမြို့တွင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး ရဲတပ်သား ၁ ဦး၏ မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာရကာ နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
သြဂုတ်လ ၂၈ ရက်နေ့ ည ၇ နာရီခန့်တွင် တနင်္သာရီမြို့၊ တပ်ဦးရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်သား ၁ ဦး၏ မိခင်ဖြစ်သူ အသက် ၆၀ ဝန်းကျင်အရွယ် ဒေါ်ညွှန့်၏ နဖူးကို ကျည်စထိမှန် ဒဏ်ရာရရှိကာ နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူ၏ သားဖြစ်သူသည် မောတောင်ရဲစခန်း၌ တာဝန်ထမ်းဆောင်နေသော ရဲတပ်သား ၁ ဦးဖြစ်ပြီး ဒဏ်ရာရရှိသွားသော အမျိုးသမီးကို အကြမ်းဖက် စစ်တပ်နှင့် ရဲများက ဆေးရုံကို ညတွင်းချင်းပို့ဆောင် ပေးခဲ့ကြောင်း၊ လက်ရှိတွင် ဒေါ်ညွှန့်သည် တနင်္သာရီမြို့နယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေပြီး နေအိမ်သို့ ပြန်လည် ရောက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ လက်နက်ကြီးကျည်များသည် ဒေါ်ညွှန့် နေအိမ်အနီးတစ်ဝိုက်ကို ကျည် ၅ လုံးကျရောက်ခဲ့ပြီး ၃ လုံးပေါက်ကွဲခဲ့ကာ မပေါက်ကွဲသေးသည့် ကျည် ၂ လုံးကို ရဲများက လာရောက် ရှင်းလင်းသွားတာကြောင်း၊ ဒေါ်ညွှန့်၏ နေအိမ်အနီး ပတ်ဝန်းကျင်နှင့် လမ်းဆုံတို့တွင် စစ်သားနှင့် ရဲများက လုံခြုံရေးယူထားပြီး ဘန်လောရွာမှ နေအိမ် ၂ လုံးလည်း ကျည်ထိမှန် ပျက်စီးခဲ့ကြောင်းသိရသည်။
ယင်းပစ်ခတ်မှုကို တနင်္သာရီမြို့ရှိ လေသာတောင်ပေါ်၌ တပ်စွဲထားသော စစ်သားများက အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သြဂုတ်လ ၂၅ ရက်နေ့ကလည်း ရေဖြူရွာ၊ အရှေ့မော်တုံးကျေးရွာအုပ်စု၊ တနင်္သာရီမြို့ပေါ်ရပ်ကွက်တွေထဲကို တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စက်လက်နက်၊ လက်နက်ကြီးများဖြင့် ရေဖြူရွာကို ပစ်ခတ်ခဲ့ပြီး ဘုန်းကြီးကျောင်း တစ်ကျောင်း၏ မုခ်ဦး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။