တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာနဲ့ အရှေ့မော်တုန်းကျေးရွာက ဒေသခံ ၉ ဦးခန့်ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ကညပိုင်းမှာ အရှေ့မော်တုန်းရွာမှာ ရွာခံနှစ်ဦးကိုဖမ်းဆီးခဲ့သလို ဘန်းလမွတ်ကျေးရွာအုပ်စု၊ ပနပ်ငယ်ရွာထဲကိုလည်း စစ်ကောင်စီတပ်သားတွေဝင်ရောက်ပြီး ရွာခံအမျိုးသား ၇ ဦးခန့်ကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။
“ပနပ်ငယ်မှာဖမ်းခံရတဲ့အကုန်လုံးက အမျိုးတော်တဲ့သူတွေချည်းပဲ။ ရည်ရွယ်ချက်ရှိရှိကို အိမ်တွေမှာလာဖမ်းသွားတာပါ” လို့ဘန်းလမွတ်ရွာကနေတိမ်းရှောင်လာတဲ့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို အမတ (၃၀၆) မှာဖမ်းဆီးထားတယ်လို့ဒေသခံတချို့ကပြောဆိုပေမယ့် တချို့ကလည်း ခမရ (၅၅၇) ကိုခေါ်ဆောင်သွားတယ်လို့ပြောဆိုပါတယ်။
သူတို့ကို ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာကိုတော့ မသိရသေးသလို လက်ရှိအချိန်ထိလည်းလွတ်မြောက်လာတာမရှိသေးဘူးလို့ ဒေသခံကဆိုပါတယ်။
အခုလက်ရှိမှာလည်း ဘန်းလမွတ်ကျေးရွာထဲကို စစ်ကောင်စီတပ်သား အင်အား ၆၀လောက်က နှစ်ကြောင်းခွဲပြီးစစ်ကြောင်းထိုးနေတယ်လို့ တနင်္သာရီမြို့နယ်က ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးဆီကသိရပါတယ်။
အခုလ ၂၀ ရက်နေ့နဲ့ ကလည်း တနင်္သာရီမြို့နယ်၊ ရေဖြူရွာက အသက်ကြီးပိုင်း အမျိုးသမီး ၇ ဦးနဲ့ အမျိုးသား ၃ ဦး စုစုပေါင်း ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါသေးတယ်။ အဲဒီထဲကတချို့တဝက်တော့ ပြန်လွတ်လာခဲ့တယ်လို့ဒေသခံကဆိုပါတယ်။