စစ်ကောင်စီစစ်ကြောင်းဟာ တနင်္သာရီမြို့နယ်မှာ သုံးရက်ဆက်တိုက်ခိုက်ခံရပြီးနောက် ထိခိုက်မှုအများအပြားနဲ့ ပြန်ဆုတ်ခွာသွားတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
သမီးလှရွာဘက်ကို ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ အခုလ ၁၇ ရက်နေ့ကစပြီး မနေ့ကအထိ သုံးရက်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
“သူတို့ဘက်က အထိနာတယ်။ ဒါကြောင့်လည်းပြန်ဆုတ်သွားတာပါ။ မနေ့ကဆိုရင် သူတို့ကဆုတ်တယ်။ ကျနော်တို့ကလိုက်ပစ်တယ်” လို့ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
သိန္ဒောရှေ့တန်းစခန်းကိုသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဘန်လောနဲ့ သမီးလှကျေးရွာအနီးမှာ တော်လှန်ရေးတပ်တွေက အခုလ၁၇ ရက်နေ့ မနက်ပိုင်းကစတင်တိုက်ခိုက်ခဲ့ရာ ၆နာရီကြာ တိုက်ပွဲဲဖြစ်ပွားခဲ့ပါတယ်။
KTLA-tcjfအဖွဲ့ကတော့ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၃၀ဦးခန့် ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဘက်က ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
၁၈ ရက်နေ့မွန်းလွှဲပိုင်းမှာလည်း စစ်ကောင်စီတပ်စစ်ကြောင်းကို သမီးလှအရှေ့ကမ်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့သလို မနေ့က မနက်ပိုင်းနဲ့ညနေပိုင်းမှာလည်း အဲဒီစစ်ကြောင်း ထပ်မံတိုက်ခိုက်ခံခဲ့ရပါတယ်။
မနေ့က မွန်းလွဲ ၂ နာရီလောက်က စတင်ဆုတ်ခွာနေတဲ့ အဆိုပါစစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဘက်က လိုက်လံပစ်ခတ်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးများပြားခဲ့တယ်လို့ သိရပါတယ်။
“ဝါးလုံးပခက်နဲ့ ဒဏ်ရာရသူတွေကို သယ်နေကြတာတွေ၊ တွယ်ပြီးသွားနေရတာလည်းတွေ့တယ်” လို့ မြိတ်ခရိုင်တပ်ရင်း (၂ )ရဲ့ရဲဘော်တစ်ဦးက ပြောပြပါတယ်။
ဒါ့အပြင် မနေ့ကညနေပိုင်းမှာ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာမျိုးကိုလည်း တော်လှန်ရေးတပ်တွေဘက်က လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်ထိခိုက်မှု အသေးစိတ်ကိုတော့ မသိရသေးပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ဒရုန်းတစ်စီးဆုံးရှုံးခဲ့တယ်လို့လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်က ဆိုပါတယ်။
ဒီကနေ့မှာတော့ စစ်ကောင်စီတပ်သားတွေဟာ ဆင်ခေါင်းရွာဘက်ကနေ ပြန်လည်ထွက်ခွာသွားပြီလို့သိရပါတယ်။