တနင်္သာရီမြို့နယ်၊ သိန္ဒောရွာ အခြေစိုက် စစ်ကောင်စီစခန်းမှ တပ်သားတစ်ဦးသည် သေနတ်တစ်နှင့် လက်နက်ခဲယမ်းများယူဆောင်လာပြီး မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁)ထံ အလင်းဝင်ခဲ့သည်။
စစ်ကောင်စီတပ်သားသည် MA1 သေနတ်တစ်လက်၊ကျည်ဘောက် လေးခု၊ကျည် ၅၄၀ တောင့် လက်ပစ်ဗုံး နှစ်လုံး၊ အီနာဂါ နှစ်လုံး ယူဆောင်ထွက်ပြေးလာပြီး မတ်လ ၂၅ ရက်နေ့တွင် အလင်းဝင်လာခြင်းဖြစ်သည်။
“စစ်တပ်ဘက်က တောက်လျှောက်အထိနာတော့ ဒါကို စစ်သားတွေလည်း အရိပ်အကဲ သိကြတယ်။ ဆက်သွယ်လာသူတွေ အများကြီး ရှိလာတယ်။ အလင်းဝင်လာသူတွေကို ကျတော်တို့အမြဲကြိုဆိုနေပါတယ်” ဟုမြိတ်မြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
အဆိုပါ အလင်းဝင်စစ်သားအား လုံခြုံသည့်နေရာ၌ကောင်းမွန်စွာထားရှိပြီး နိုင်ငံ့ဝန်ထမ်း (CDM) မူဝါဒနှင့်အညီ ဆက်လက်လုပ်ဆောင်သွားပါမည်ဟု မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁)က ယနေ့(မတ်လ ၂၉ရက်) သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း ထားဝယ်၊ မြိတ်၊ တနင်္သာရီ၊ ပုလောမြို့နယ်တို့၌ စစ်ကောင်စီစစ်ကြောင်းများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေပြီး စစ်ရေးပြင်းထန်နေသည်။