တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအနီး အခြေစိုက်ထားသည့် စစ်တပ်၏ ခလရ ၅၅၆ တပ်ရင်း အတွင်းသို့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံး မှုရှိနိုင်ကြာင်း ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့ -တနင်္သာရီမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၅၅၆ တပ်ရင်းမှ ရိက္ခာပို့စစ်ကြောင်းထွက်ခွာရန်ပြင်ဆင်နေချိန် တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ရာ တပ်ရင်းအတွင်းရှိ အိမ်ထောင် သည် လိုင်း အခန်းအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက် သေ ဆုံး မှုရှိကာ အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“အဲဒီတပ်ရင်းက ထွက်ပေါက်က ၂ ခုရှိတာ၊ ပြည်ထောင်စုလမ်းကြီးကတစ်ခု၊ ပြီးတော့ တကူးဘက် ထွက်တဲ့လမ်းက တစ်ခု၊ တကူးဘက်ထွက်တဲ့လမ်းကတော့ ပိတ်ထားပြီးပြီ။ ပြည်ထောင်စုလမ်းမကြီး ကပဲ ထွက်လို့ရတော့တယ်၊ အဲဒီတပ်ရင်းက ပြည်သူတွေအပေါ် အဓမ္မငွေကြေးကောက်တာ၊ ဖမ်းဆီး သတ်ဖြတ်တာတွေ နာမည်ကြီးနေတဲ့ တပ်ရင်းတစ်ခုပေါ့၊ ဟိုတလောကလည်း နာရေးအသင်းကား မောင်းတဲ့သူတစ်ယောက်ကို ဖမ်းခေါ်ပြီး တပ်ရင်းအတွင်းမှာ ရိုက်သတ်ပစ်လိုက်သေးတယ်၊” ဟု ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ -တနင်္သာရီမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့သို့ ဗုံးကျဲ တိုက်ခိုက်ပြီးနောက် ယမန်နေ့ ညနေ ၄ နာရီခန့်အချိန် အကြမ်း ဖက် စစ်ကောင်စီ၏ တပ်ရင်း အတွင်း မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။