တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံတွေရဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ မြို့နယ် (ပအဖ) အဖွဲ့ဆီကသိရပါတယ်။
ကျင်းပတဲ့နေရာကို ပြည်သူ့အုပ်ချုပ်ရေးနယ်မြေတနေရာလို့သာ အသိပေးထားပြီး ဆွေးနွေးပွဲမှာ NUGအစိုးရရဲ့ မူဝါဒ၊ မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ ရှေ့ဆက်လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
“လက်ရှိပုံဖော်နေတဲ့အုပ်ချုပ်ရေးပုံပေါ့နော်။ ပကဖ၊ ပအဖ၊ ပလဖ ဆိုတာဘာလဲပေါ့။ သူတို့ရဲ့ကဏ္ဍအလိုက်လုပ်ဆောင်ချက်တွေကို ရှင်းပြတယ်။ ပြီးတော့ အခွန်တွေကို ဘယ်လိုသုံးစွဲနေတယ်ဆိုတာတွေ ရှင်းပြတယ်” လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ပအဖ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ဒါ့အပြင် စစ်ရေးအရှိန်မြင့်လာဖို့ရှိတဲ့ အတွက်စစ်ရေးနဲ့ပတ်သက်တဲ့အသိပညာပေးတာတွေ ဗုံးခိုကျင်းနဲ့ပတ်သက်လို့အသိပညာပေးတာတွေအပြင် စားနပ်ရိက္ခာကိုဘယ်လိုပြင်ဆင်ရမယ်ဆိုတာတွေကိုပါ ဒေသခံတွေနဲ့ ဆွေးနွေးတိုင်ပင်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ (ပအဖ)အဖွဲ့ဝင်ရဲ့ပြောပြချက်အရ သိရပါတယ်။
လက်ရှိအခြေအနေအရ ဗုံးခိုကျင်းနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကိုတော့ နေအိမ်တွေအထိသွားပြီး လုပ်ဆောင်ဖို့ရှိတယ်လို့လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်ကပြောပြတယ်။
အရင်ကလည်း တနင်္သာရီမြို့နယ်ထဲက ပြည်သူ့အုပ်ချုပ်ရေးနယ်မြေတွေမှာ အခုလိုဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးတာနဲ့ အထိမ်းအမှတ်အခမ်းအနားကျင်းပတာတွေကို ပြုလုပ်ခဲ့ဖူးပါတယ်။
တနင်္သာရီမြို့နယ်ထဲမှာ ပြည်သူ့အုပ်ချုပ်ရေးအသက်ဝင်နေတဲ့ တိုက်နယ်နဲ့ ကျေးရွာအုပ်စု ငါးခုထက်မနည်းရှိနေပြီး ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေလည်းအသက်ဝင်နေတယ်လို့ အဲဒီရွာတွေမှာရှိတဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
တနင်္သာရီမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့မြို့နယ်ဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတဲ့နေရာလည်း ဖြစ်ပါတယ်။