တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်းကို ပြီးခဲ့သည့် ဧပြီ ၄ ရက်နေ့ ညပိုင်းတွင် မြိတ်ခရိုင်၊ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁) ၊ ADF ဒရုန်းအဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ လက်အောက်ခံ ခမရ-၅၆၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးသီး ငါး လုံးကြဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေး ဦး သေဆုံးခဲ့ပြီး နှစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“သူတို့(စစ်ကောင်စီ)ရဲ့ ဗုံးခိုကျင်းထဲ ကျသွားတယ်။ သေဆုံးတဲ့သူတွေရဲ့ ရာထူးတွေ တော့မသိရသေးဘူး။ နောက်ပိုင်းသူတို့ရဲ့ သတင်းတွေက လျှို့ဝှက်လာတော့ သိနိုင်ဖို့.ခက်ခဲလာတယ်။ အခုလက်ရှိတော့ ငြိမ်နေပါတယ်။ ကတုတ်ကျင်း ဗုံးခိုကျင်းတွေ ပြန်ပြင်နေတယ်လို့.သိရပါတယ်ဗျ” ဟု ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁ သည် မြိတ်ခရိုင်တပ်ရင်း-၂(တပ်ခွဲ ၁)၊ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းဖွဲ့စည်း ထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဧပြီ ၂ ရက်နေ့ကလည်း ညောင်ပင်ကွင်း အခြေစိုက် ခမရ-၅၆၁ တပ်ရင်းနှင့် ညောင် ပင်ကွင်း တံတားရှိ စစ်ကောင်စီစခန်းကို မြိတ်ခရိုင်၊ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁) ကဝင်ရောက်တ်ုခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။