တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့လအတွင်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲနဲ့ပစ်ခတ်တိုက်ခိုက်မှုပေါင်း ၅၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေဟာ တနင်္သာရီတိုင်းမှာရှိတဲ့ မြို့နယ် ၁၀ ထဲက ကော့သောင်းမြို့နယ်က လွဲပြီး ကျန်မြို့နယ် ၉ ခုမှာ ဖြစ်ခဲ့တာပါ။
ဇူလိုင်လ ၁ ရက် နေ့ကနေ ၃၁ ရက်အထိဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေဘက်က သေဆုံးသူ ၂၁၇ ဦးရှိပြီး ဒဏ်ရာရသူ ၃၆ ဦးထက်မနည်း ရှိခဲ့တာကို တွေ့ရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ တိုက်ပွဲအတွင်းနဲ့ အလစ်ချောင်းပစ်ခံရတာတွေအပြင် ပစ်ခတ်ဖမ်းဆီးပြီး သတ်ဖြတ်ခံရတာတွေကြောင့် ရေဖြူ၊ လောင်းလုံး၊ ထားဝယ်နဲ့ ပုလောမြို့နယ်တွေက ရဲဘော် ၁၀ ဦးကျဆုံးပြီး ဒဏ်ရာရသူကတော့ ၆ ဦး ထက်မနည်းရှိခဲ့ပါတယ်။
ဒီအချက်အလက်တွေဟာ သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်၊ ဒေသခံတွေရဲ့သတင်းပေးပို့မှုတွေကို တနင်္သာရီတိုင်းမ်က စာရင်းပြုစုထားတာပါ။ မြေပြင်အခြေအနေမှာ တိုက်ပွဲဖြစ်ပွားမှုနဲ့ ထိခိုက်ကျဆုံးသူတွေ ပိုမိုများပြား နိုင်ပါတယ်။
စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်စဥ်ကတော့ ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ တစ်ပတ်အကြာတိုက်ပွဲအတွင်းမှာ ဖြစ်ပြီး စစ်ကောင်စီဘက်က ၁၀၀ ကျော်သေဆုံးတယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ဇူလိုင်လအတွင်း ထူးခြားဖြစ်စဥ်ကတော့ ထားဝယ်မြို့ပေါ်က ဝန်ကြီးများအိမ်ယာထဲကို ပြည်သူ့ကာကွယ်ရေးတပ်က လက်နက်ကြီးတွေနဲ့ နှစ်ကြိမ်ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ထိခိုက်မှုတွေရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကလည်း တနင်္သာရီတိုင်းမှာ တိုက်ပွဲပေါင်း ၄၈ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၆၆ ဦးသေဆုံးပြီး ၆၇ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။