တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့လအတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပေါင်း ၄၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။
ဇွန်လ ၁ ရက် နေ့ကနေ ၃၀ ရက်အထိဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေဘက်က သေဆုံးသူ ၆၆ ထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရသူ ၆၇ ဦးထက်မနည်း ရှိခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ တိုက်ပွဲအတွင်း၊ လက်နက်ကြီးမတော်တဆမှုနဲ့ စစ်ရေးပြင်ဆင်မှုလုပ်ဆောင်နေချိန် မတော်မဆမှုတွေကြောင့် ၆ ဦးကျဆုံးပြီး ဒဏ်ရာရသူကတော့ ၂ ဦး ထက်မနည်းရှိခဲ့ပါတယ်။
ဒီအချက်အလက်တွေဟာ သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်၊ ဒေသခံတွေရဲ့သတင်းပေးပို့မှုတွေကို တနင်္သာရီတိုင်းမ်က စာရင်းပြုစုထားတာဖြစ်ပါတယ်။ မြေပြင်အခြေအနေမှာ တိုက်ပွဲဖြစ်ပွားမှုနဲ့ ထိခိုက်ကျဆုံးသူတွေ ပိုမိုများပြားနိုင်ပါတယ်။
ဇွန်လအတွင်းထူးခြားဖြစ်စဥ်ကတော့ ထားဝယ်ခရိုင်အတွင်းက ရဲစခန်းတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရမှုပိုများလာတာနဲ့ ရေဖြူ-ကလိန်အောင်လမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တွေ ဆက်တိုက်တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလကလည်း တနင်္သာရီတိုင်းမှာ တိုက်ပွဲပေါင်း ၄၉ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားနဲ့ပျူစောထီး ၆၀ ဦးသေဆုံးပြီး ၆၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။