တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဒီကနေ့မနက် ၇ နာရီခွဲခန့်က ချောင်းနှစ်ပေါက်ရွာနဲ့ သိန်ခွန်းရွာကြားမှာ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် သိန်ခွန်းကျေးရွာအုပ်စုက အိမ်ထောင်စုသုံးထောင်ကျော် စစ်ဘေးရှောင်ပြေးနေရတယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်က်ု ပြောပါတယ်။
ဒေသနေအမျိုးသားတစ်ဦးက “ရာဘာခြံတွေထဲမှာဖြစ်နေတာ။ လက်နက်ကြီးတွေကလည်း ဘယ်ကပစ်နေမှန်းကိုမသိဘူး။ အခု ၁၃ ချက်ရှိနေပြီ။” လို့ ဒီကနေ့မနက် ၈ နာရီခွဲအချိန်က ပြောပါတယ်။
အဓိအားဖြင့် သိန်ခွန်းကျေးရွာအုပ်စုထဲက သိန်ခွန်းရွာ၊ ချောင်းနှစ်ပေါက်ရွာ၊ ကွမ်းသီးတောရွာက ဒေသခံတွေရွာလုံးကျွတ် စစ်ဘေးရှောင်ပြေးနေရတာဖြစ်ပြီး အနီးအနားရွာက ဒေသခံတွေလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကနေ့မနက်ဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
လက်ရှိမှာ သိန်ခွန်းကျေးရွာအုပ်စုထဲ စစ်ကောင်စီတပ်ကား ၅ စီးထက်မနည်းရောက်ရှိနေတယ်လို့ သိရပြီးဒေသတွင်းစစ်ရေးအခြေအနေတင်းမာနေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ သိန်ခွန်း၊ ချောင်းနှစ်ပေါက်ရွာတို့ဟာ တနင်္သာရီမြို့ကနေ ထိုင်းနယ်စပ် မောတောင်မြို့ကိုသွားတဲ့လမ်းမပေါ်မှာတည်ရှိပါတယ်။
တနင်္သာရီမြို့နယ်ဟာ တိုက်ပွဲတွေမကြာခဏဖြစ်ပွားလေ့ရှိလို့ ဒေသခံပြည်သူအများအပြားစစ်ဘေးရှောင်နေကြရပါတယ်။
ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရ တနင်္သာရီမြို့နယ်၊ မော်တုန်းအနောက်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ရမ်းဖို၊ လယ်သစ်၊ ညောင်ပင်ကုန်း စတဲ့ရွာတွေက ဒေသခံ ၆,၀၀၀ ကျော် စစ်ဘေးရှောင်ပြေးနေရပြီး ရိက္ခာအကူအညီတွေလည်းလိုအပ်နေတယ်လို့ သိရပါတယ်။