စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ တနင်္သာရီမြို့နယ်မှာ မနေ့ညကနေ ဒီကနေ့မနက်ထိ လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။
မနေ့ည ၈ နာရီခွဲလောက်ကတည်းကနေ ည ၁၁ နာရီလောက်အထိ တနင်္သာရီမြို့ဘက်ကနေ ဘန်လောရွာဘက်ကို လက်နက်ကြီးဆက်တိုက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ တချို့က အမတ ၃၀၆ က ပစ်တယ်လို့ ပြောကြသလို ရေဖြူဗျူဟာကုန်းကပစ်တယ်လို့ပြောတဲ့သူတွေလည်းရှိပါတယ်။
“တချိန်တည်းပဲ တနင်္သာရီမှာလည်း မြို့တပတ်လုံး စက်လက်နက်သံတွေ၊ လက်နက်ကြီးသံတွေဆူညံနေတယ်။ အခုထိကြားနေရတုန်းပဲ။” လို့ မနေ့ည ၁၀နာရီခွဲလောက်က ကျားကြီးကွန်မန်ဒိုတပ်ဖွဲ့(KTLA-tcjg)ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက ပြောပါတယ်။
ကျည်တွေဟာဘန်လောရွာထဲကို ကျရောက်ပေါက်ကွဲတယ်လို့ သိရပြီး အရပ်သားတွေနဲ့ နေအိမ်ထိခိုက်မှုရှိမရှိကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
လက်နက်ကြီးဆက်တိုက်ပစ်နေတာနဲ့ပတ်သက်ပြီး SWDF ပြန်ကြားရေးတာဝန်ခံက “pdf တွေက လက်နက်ကြီးထုတာမရပ်နိုင်လို့ ခဏသွားပစ်တယ်။ အသံပေးတဲ့သဘောလောက်ပဲ။ တိုက်ပွဲဖြစ်တာမျိုးတော့ မဟုတ်ဘူး။” လို့ ပြောပါတယ်။
အခုလ ၂၃ ရက်နေ့ ညနေ ၄ နာရီလောက်က ရေဖြူဗျူဟာကုန်းဘက်ကနေ ချောင်းနှစ်ပေါက်ရွာဘက်ကို စစ်ကောင်စီတပ်သားအင်အား ၄၀ခန့် ခြေလျင်စစ်ကြောင်းရောက်ရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ရေဖြူ ဗျူဟာကုန်းအနီးတဝိုက်ကရွာတွေဖြစ်တဲ့ ရေဖြူရွာ၊ ထားပလတ်ရွာ၊ ထုံခါရွာတွေအပြင် ဘန်းလမွတ်၊ ညောင်ပင်ကုန်း၊ ထုံနွယ်၊ မြို့ပေါ်ရပ်ကွက်တချို့ စတဲ့နေရာတွေမှာ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးတာ၊ ကင်းပုန်းဝပ်တာ၊ ကင်းလှည့်တာတွေကို အခုလ ဒုတိယပတ်ကတည်းကနေ ဒီကနေ့ထိ တောက်လျှောက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒီကနေ့မနက် ၁၀ နာရီထိုးပြီးမှာလည်း ဗောဓိကမ်းတံတားထိပ်ကနေ ဘန်လောရွာဘက်ကို လက်နက်ကြီးပစ်နေတယ်လို့ သိရပါတယ်။
အခုလိုပစ်ခတ်မှုတွေရှိနေတာကြောင့် ဘန်းလမွတ်ကျေးရွာအုပ်စု၊ အရှေ့မော်တုံးကျေးရွာအုပ်စု၊ တမုတ်ချုံးကျေးရွာအုပ်စုက ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
အခုလ ၂၀ ရက်ကလည်း တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က မော်တုန်းရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပါသေးတယ်။