တနင်္သာရီမြို့နယ်က စာသင်ကျောင်းတွေမှာ လေကြောင်း အန္တရာယ် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွေ လုပ်ဆောင်နေတယ်လို့ ဟောပြောပွဲဦးဆောင်သူက ပြောပါတယ်။
ဟောပြောပွဲမှာ ဗုံးခိုကျင်းဘယ်လိုတူးရမယ်ဆိုတာတွေကို လက်တွေ့သရုပ်ပြတာတွေပါဝင်ပြီး အရေးပေါ်အခြေအနေမှာ ဘာတွေလုပ်ဆောင်ရမယ်၊ ဗုံခိုကျင်းရှိခြင်းရဲ့အကျိုးဆက်တွေ စတဲ့အကြောင်းအရာတွေ ပါဝင်တယ်လို့ ဟောပြောပွဲ ဦးဆောင်သူ ကိုဟိန်းက ဆိုပါတယ်။
စစ်ကောင်စီက နေ့စဉ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်နေတာ၊ မြို့နယ်အတွင်းစစ်ရေးအရှိန်မြင့်တက်လာနိုင်တာတွေကြောင့် ပြည်သူတွေဘေးကင်းလုံခြုံမှုအတွက်ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ အခုလို လုပ်ဆောင်ရတာဖြစ်တယ်လို့လည်း သိရပါတယ်။
“ပထမတချိန်ဟောပြောတယ်။ ဟောပြောတဲ့အချိန်မှာ ပြည်သူတွေနဲနဲပေါ့လျော့နေလို့ ဒုတိယအကြိမ်ထပ်ပြီးတော့ လုပ်အောင်တိုက်တွန်းရင်းနဲ့ပြန်လုပ်ဖြစ်တာပါ။” လို့ ကိုဟိန်းက ပြောပါတယ်။
ဟောပြောပွဲမှာ အပြန်အလှန် မေးခွန်းမေးမြန်းတဲ့အစီစဉ်တွေရှိတဲ့အတွက် အချင်းချင်းအမေး၊ အဖြေလုပ်ရတာကြောင့်လည်း ပျော်စရာတွေကြုံရပြီး လူထုပါဝင်မှုလည်း အားကောင်းတယ်လို့ သူက ဆိုပါတယ်။
တနင်္သာရီမြို့နယ်က လွတ်မြောက်နယ်မြေတွေမှာ အခုနှစ် နှစ်ဆန်းပိုင်းလောက်ကစပြီး လေကြောင်း အန္တရာယ် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲတွေ အလျဉ်းသင့်သလို လုပ်ဆောင်ဖြစ်တယ်လို့ သိရပါတယ်။
အခုလိုဟောပြောတာကို တွဲလက်ညီညီစစ်ဘေးရှောင်ကူညီရေးအဖွဲ့၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။
တနင်္သာရီမြို့နယ်ဟာ တနင်္သာရီတိုင်းမှာ စစ်ရေးပဋိပက္ခဖြစ်ပွားမှုအများဆုံးမြို့နယ်တွေထဲက တစ်ခုဖြစ်ပါတယ်။